Wednesday, February 18, 2009

ဆရာမြသန်းတင့်

ဒီနေ့ သတင်းဌာနတွေ လျှောက်ဖတ်ရင်း မဇျွိမ၀က်ဆိုဒ်က ရသဘဏ်တိုက်ထဲရောက်တော့ ရင်ထဲ ထိမိခဲ့တဲ့ ကဗျာတပုဒ်ကို ဖတ်ခဲ့ရတယ်။ ဒီကဗျာလေးကို ကဗျာဆရာ ညိုထက်ညိုက ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမြသန်းတင့်အတွက် စပ်ဆိုခဲ့တာပါ။ ဆရာမြသန်းတင့် ကွယ်လွန်တာဟာ ယနေ့ဆို ၁၁ နှစ်ပြည့်ခဲ့ပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က သံမဏိနှင်းဆီ ။ ကျမရဲ့ ဘလော့ဂ်မှာ မှတ်တမ်းလေးအဖြစ် တင်ထားချင်တဲ့အတွက် မဇျွိမကနေ ကူးယူပြီး တင်လိုက်ပါတယ်။


-----


သံမဏိနှင်းဆီ

ညိုထက်ညို

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 17 2009 16:38 - မြန်မာစံတော်ချိန်

ရေဝေး တဲ့

ဆရာနဲ့ ကျနော် အနေဝေးရတော့မယ်။

ပူရှိန်ပြင်းလွန်းလှရဲ့

ဒီကောင့်ရင်ထဲ

နေဆယ်စင်းမက ထွန်းလင်းခဲ့။

တဂျုန်းဂျုန်း တဂျိုင်းဂျိုင်း လမ်းကလေးပေါ်

ကယိမ်းကယိုင် ကျနော် လျှောက်လာခဲ့

ပခုံးပေါ်မှာ လေးနင့်သိပ်သည်း

ဆရာဟာ ကမ္ဘာကြီးဖြစ်မှန်း

ဒီနေ့ကျမှ ကျနော် သိခဲ့ရ

ဆရာကတော့ မျက်လွှာကိုချ

ငြိမ်သက်စွာ လိုက်လာပေရော့မယ်။

ဆရာရေ

ဖြူဖွေးမွရွ

ဆံနွယ်ဆံစတွေနဲ့

ဆရာတာ လာပြီ

တာရာ လာပြီ

ကဗျာဆရာ လာပြီ

တခါသားက

ဆရာတာဟာ ကဗျာဆရာ စစ်စစ်

ဆရာ့ရဲ့ ပိုင်းဆစ် ရုပ်ပုံလွှာ

ကျနော့် မျက်လုံးထဲမှာ မြင်လာတယ်။

ဆရာရေ

ဒီအချိန်ဆို တော်လှန်ဟစ်ကြွေး

ကိုကိုးကျွန်းက တေးသံ

လေထုထဲမှာ ညံနေပေရော့မယ်။

မနာလိုစရာ ကောင်းလွန်းရဲ့

ဒီ ဦးခေါင်းဟာ သာမန် ဦးခေါင်းမဟုတ်

ဘယ်သူ ငြင်းချက်ထုတ်မလဲ

ဆုငွေ ထုတ်ခံရတဲ့ ဦးခေါင်း

ဒါ ဆရာ့ ငယ်ဘဝ ဇာတ်ကြောင်းပေါ့

လေညင်းကို မမျှော်

မုန်တိုင်းမှာ ပျော်ခဲ့

တိုက်ပွဲကိုမင်

တိုက်ပွဲဝင်ခဲ့

ကျနော်တို့ဟာ ရှေ့ဆက်သွားရ ဦးမှာပဲ

ဆရာဟာ အကောင်းဆုံး လက်ဆင့်ကမ်းသမား ဖြစ်ခဲ့

ဒဏ်ရာတွေကို ဖယ်ပြီး

ကျန်တာတွေကို လက်ဆင့်ကမ်းခဲ့

ဟောဟိုမှာ ရှိုက်သံသဲ့သဲ့

မြေနီကုန်းမှာ တပိုင်း ဝင်ချခဲ့သတဲ့လား

လူတိုင်းရင်ထဲ မြည်တွင်ထုဆစ်

ဒီရေမြင့်သစ်ခဲ့ရတယ်။

ဆရာရေ

ကိုအုန်းမြင့်လှိုင်က

ဆရာ့ကို ပတ္တမြားတဲ့

ပျောက်သွားတဲ့ ငမောက်

ခု ကျနော့်ရှေ့ ပြန်ရောက်လာတယ်။

ဆရာရေ

မြနန္ဒာ ပါတယ်

ကိုနန္ဒာနဲ့ ရဲမြင့် ပါတယ်

ဒေါင်းတကောင် ပါတယ်

ပျားရည်တအိုး ပါတယ်

တူ ပါတယ်

တံစဉ် ပါတယ်

အသွားထက်ထက်

ကလောင်တလက် ပါတယ်

တခုပဲ

ဒီကနေ့မှာ အသံမပါဘူး

ဒီကနေ့မှာ အသက်မပါဘူး

အဲဒီ ဖေဖော်ဝါရီ ၁၈

ကျနော် ပြက္ခဒိန်က ခြစ်ပစ်လိုက်ချင်တယ်။

ဆရာရေ

တခါက သထုံမှာ

ဒေသန္တရ ဗဟုသုတ ဖွေရှာ

လူမှုဘဝ ဝေဒနာတွေနဲ့

ခွဲဖြာသိမ်းထုပ်

စာရင်းချုပ်ရင်

ရေခဲဟာ အရည်ပျော် ရမတဲ့

တခါတခေါက်

ဆရာနဲ့ သထုံ ပြန်ရောက်ချင်သေးတယ်။

ဆရာရေ

တခါသားက

ရွှေပြည်သာမှာ

နေခြည်ဖြာတဲ့ မနက်

ကျနော်တို့ ပျော်ပျော်ပါးပါး

စားကြသောက်ကြ တေးဆိုကြ

ဆရာလှထွဋ်ရဲ့ စန္ဒရားလက်သံ

ဆရာ့ရဲ့ တယောထိုးသံ

ခု ချက်ချင်း နားမှာ လျှံလာတယ်။

ဆရာရေ

အဖော်ကောင်းလျှင် ငရဲပြည်သို့ လိုက်မည့်သူတဲ့

အဖေ့အကြောင်း တစွန်းတစ

တခါက ဆရာ ရေးချခဲ့ဖူးတယ်။

ကျနော့် နာမည်နဲ့ အမှတ်တရ လက်ဆောင်

စာအုပ်ဟောင်းကလေး ပြန်လှန်ကြည့်

ဆရာ့လက်ရေး

ခုထက်ထိ နီစွေးနေဆဲ

ဆရာရေ

ဆရာ့ကို အခု ထမ်းပိုးလာသူဟာ သံချောင်း

ကျနော်တို့ ဒီနေ့ ကံမကောင်းခဲ့

မျက်ရည်စတွေ ပြိုးပြက်ဖိတ်လက်

လိုနေတာဟာ ဓားတလက်ပေါ့

ဒီတင်ပဲ

ခွမ်းခနဲ ရေအိုးကွဲခဲ့

ပေါင်းစည်းရင်း ကွဲလွဲစေ

ကွဲလွဲရင်း ပေါင်းစည်းစေ

ကမ္ဘာမြေရေ

ဂုဏ်ပြုအပ်သူကို ဆီးကြိုပေတော့ တဲ့

လေရူးသုန်သုန်နဲ့

မီးခိုးပြာဝေ

ဆရာရေ

မြန်မာပြည်ကို ဆက်လို့ စောင့်ရှောက်ရစ်လေတော့။


(
၁၈.၂.၉၈ တွင် ကွယ်လွန်သွားသော ဆရာမြသန်းတင့်သို့)



No comments: