Showing posts with label ပညာရေး အတွေ့အကြုံများ. Show all posts
Showing posts with label ပညာရေး အတွေ့အကြုံများ. Show all posts

Wednesday, November 6, 2013

AEC နဲ့ သင်ရိုးညွှန်းတမ်း

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (ASEAN ECONOMIC COMMUNITY) အတွက် ထိုင်းနိုင်ငံရဲ့ ပြင်ဆင်မှုတွေသေချာ လုပ်နေတာကို သွားလာရင်း သတိထားမိတယ်။ အဲဒီထဲ တခုက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အာဆီယံ ၁၀ နိုင်ငံအကြောင်း မိတ်ဆက် သင်ကြားပေးခြင်းပါ။ သိသာလာတာက ၂၀၁၂ စကတည်းက မူကြိုအရွယ် ကလေးငယ်တန်းတွေ စသင်ကြားပေးနေတာပါပဲ။

အိမ်မှာ မြန်မာလို သာမန် အသုံးတွေသာ ပြောလေ့ပြောထ ရှိတဲ့ ကျမ သားသားက မနှစ်တုန်းက ကျမကို "မင်္ဂလာပါ မေမေ" လို့ပြောစဉ်က ကျမ အံ့သြသွားတယ်။ ကျမက သူ့ကို မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် ဆိုတာ သီးသီးသန့်သန့် မသင်ထားရသေးဘူး။ သားဘယ်လိုတတ်တာလဲ မေးတော့ သားကျောင်းမှာ သင်တယ်တဲ့။ စာမေးပွဲမှာလည်း အာဆီယံ ဘာသာရပ်ဆိုပြီး သီးသန့် ဖြေကြရတယ်။ သားဆရာမကလည်း ပြောတယ်။ အာဆီယံ ဘာသာရပ် ဖြေရမယ်တဲ့။ နောက်ပိုင်း သူ့ ကျောင်း စာအုပ်တွေကို ကြည့်မိတော့ သူပြောတဲ့အတိုင်းပဲ အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအကြောင်းကို သေသေချာချာ သင်ထားတာ တွေ့တယ်။ (ထိုင်းကျောင်းတွေမှာက မူကြိုအရွယ်ကလေးတွေအတွက် ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်တွေကို ကျောင်းမှာသာ ထားလေ့ရှိတယ်။ စာသင်နှစ်တနှစ်ကို ၂ ပိုင်းပိုင်းပြီး ပထမပိုင်း ၅ လကုန်တာနဲ့ စာမေးပွဲစစ်၊ လေ့ကျင့်ထားသမျှ လေ့ကျင့်ခန်းစာအုပ်တွေ ပန်းချီ လှုပ်ရှားမှုတွေ စတဲ့ စာအုပ်တွေကို ကျောင်းသားတဦးချင်းစီကို ပြန်ပေးလေ့ရှိတယ်။) နိုင်ငံတခုချင်းအလိုက် အလံ၊ နှုတ်ဆက်စကား နဲ့ အစိုးရ လွှတ်တော် အဆောက်အအုံ ပုံတွေကို စာတမျက်နှာချင်း အရောင်ခြယ်တာ၊ အရေး၊ အဖတ် လေ့ကျင့်ခိုင်းထားတာတွေနဲ့ သင်ကြားပေးတယ်။ အသက် ၄-၅ နှစ်အရွယ် ကလေးကို မေးကြည့်ရင် ဘယ်နိုင်ငံ ဘာအလံဆိုတာ မှန်အောင် ပြောပြနိုင်တယ်။ ကျမတို့ မြန်မာပြည်က စာသင်ကျောင်းတွေမှာရော လာမည့် ၂ နှစ်မှာ စတော့မယ့် AEC အတွက် ဘယ်လောက် ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။

မှတ်မှတ်ရရ ငယ်ငယ်က ကျောင်းမှာ (လွန်ခဲ့တဲ့ ၁၅ နှစ် ၀န်းကျင်) ပထ၀ီဆိုရင်လည်း မြန်မာပြည်အကြောင်းသာ အများဆုံး သင်ခဲ့ရပီး ကမ္ဘာ့မြေပုံနဲ့ ကမ္ဘာ့အထင်ကရတွေကို မှတ်မိလွယ်တဲ့ နည်းနဲ့ သင်ကြားခဲ့ရခြင်းမျိုး မရှိခဲ့ဘူး။ ပြင်ပ ဗဟုသုတ စာပေတွေကို မဖတ်ရင် အာဆီယံနိုင်ငံအလံနဲ့ ကမ္ဘာ့နိုင်ငံများက အလံတွေကို သိဖို့ ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ကမ္ဘာ့ဘောလုံးသမားတွေအကြောင်း စိတ်ဝင်စားတဲ့ လူငယ်တွေက လွဲရင်ပေါ့။ ဒါတောင် တချို့ မသိကြတာတွေမှ တပုံကြီး။ သင်ထောက်ကူပစ္စည်း ချို့တဲ့တာရယ်၊ သင်ရိုးညွှန်းတမ်း အားနည်းတာရယ်၊ ကြက်တူရွေး စာအံ နည်းနဲ့ သင်ခဲ့ရတာတွေ များပါတယ်။ ခုထိလည်း ဒီလို နည်းစနစ်တွေက ဆယ်စုနှစ်တခု-နှစ်ခုအထိ ဆက်ရှိနေတာပါပဲ။

ဒီနှစ်အစောပိုင်း ရွာကိုပြန်တော့ မောင်လေး ညီမလေး ၀မ်းကွဲတွေ စာဖတ် စာအံနေတာကို ကြည့်ရင်း ပညာရေးစနစ်က အရင့်အရင် နှစ်တွေ အတိုင်းပဲ ဆိုတာ ဆ၀ါးမိတယ်။ စာတပုဒ်ကို အလွတ်ရအောင်သာ ကျက်နေပြီး စာရဲ့ အဓိပ္ဗါယ်ကို ကောင်းကောင်းမသိတဲ့ မောင်လေးကို ဆရာမက ဘယ်လိုရှင်းပြလဲလို့ မေးကြည့်တော့ ကျမငယ်ငယ်ကလိုပါပဲ၊ အပေါ်ယံ အဓိပါယ်တွေကိုပဲ သူက ပြန်ရှင်းပြတယ်။ ဒါ ခေတ်အဆက်ဆက် တပုံစံတည်း ဖြစ်နေတာပေါ့။ ဆရာနေ၀င်းမြင့်ပြောသလို စာကိုသာမက စိတ်ကိုပါ သင်တဲ့ ဆရာ၊ ဆရာမ မျိုးတွေ နည်းပါးလာတာတွေကြောင့် ကျောင်းစာတွေဟာ နှစ်ကုန်လို့ တနှစ်ကူးတာနဲ့အလွယ်တကူ မေ့ပျောက်သွားတတ်ကြတယ်။ ဒီအတွက် သင်ရိုးညွှန်းတမ်းရော သင်ပုံ သင်နည်းတွေရော တကယ်လက်တွေ့ ပြောင်းလဲဖို့ လိုနေတာပါ။

ထိုင်းမှာ အာဆီယံ ၁၀ နိုင်ငံ ဘာသာရပ်အပြင် အင်္ဂလိပ်စာကိုလည်း ကျောင်းတွေမှာ Native Speakers (အင်္ဂလိပ်စကားပြောတဲ့လူ) တွေကိုယ်တိုင်နဲ့ သင်ကြားရမယ်လို့ မူဝါဒ ချမှတ်ထားတာပါ။ တနိုင်ငံလုံး အင်္ဂလိပ်စာအဆင်ပြေပြေ ပြောတတ် ဆိုတတ်ဖို့ ကလေးအရွယ်ထဲက လေ့ကျင့်သင်ကြားပေးတဲ့စနစ်ကို အကောင်အထည်ဖော်နေတာလည်း ၂ နှစ်ကျော်နေပါပီ။ နောက်နှစ် ၂၀၁၄ မှာ အာဆီယံဥက္ကဌ ဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ဦးဆောင်မယ့် မြန်မာတွေအနေအရော ဘယ်လောက်ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။ အိမ်နီးချင်းနိုင်ငံ ထိုင်းကို နမူနာယူပြီး ပြင်ဆင်မှုတွေ ခုတည်းက မလုပ်ရင် ၂၀၁၅ မှာ ကိုယ်က နောက်ကောက်ကျကျန်နေရစ်အုံးမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်။။


Thursday, January 3, 2013

အချိန်စီမံခန့်ခွဲမှု (Time Management)

အချိန်စီမံခန့်ခွဲမှု (Time Management) ဆိုတာ


အချိန်ဆွဲခြင်း (procrastination) နဲ့ အကျွမ်းဝင်နေခြင်းက စိတ်ဖိစီးမှု ပိုများစေပေမယ့် လူအများစု၊ အထူးသဖြင့် ကျောင်းသားတွေကတော့ ဒီအကျင့်က စွဲနေတတ်ပါတယ်။ တနေ့တာ ဖတ်ရမယ့် စာကို မဖတ်ချင်ဘဲ ပျင်းနေတာ၊ အလုပ်တခုခုကြောင့် မဖတ်ဖြစ်တာ၊ သာရေး နာရေး လူမှုရေးကိစတွေနဲ့ ဖတ်ဖို့ အချိန်မရလိုက်တာ စသဖြင့်...  ရက်သတပတ် များလာရင်တော့ ၀န်ပိလာပါတော့တယ်။ ဘာသာရပ်တခုခုလေ့လာနေသူတွေအတွက်၊ အထူးသဖြင့် နိုင်ငံခြား ဘာသာစကား တခုခုနဲ့ လေ့လာနေသူတွေဆိုရင်တော့ နေ့စဉ်လေ့လာမှုက ကိုယ်လေ့လာမှု အောင်မြင်ဖို့ သော့ချက်ပါပဲ။ ဒီလို လေ့လာမှုတွေ လုပ်နိုင်ဖို့ တနေ့တာ အချိန်တွေကို စီမံခန့်ခွဲနိုင်ဖို့ လိုလာပါပြီ။ 

အချိန်စီမံခန့်ခွဲမှုဆိုတော့ အခေါ်အဝေါ်က အတော်လေး စိမ်းပါတယ်။ လွယ်လွယ်ပြောရရင်တော့ အချိန်အလဟသ မကုန်သွားစေဘဲ အကျိုးရှိရှိ သုံးနိုင်ဖို့ပါပဲ။ ကျောင်းသား စာဖတ်ရမှာပေါ့လို့ ပြောလို့လွယ်ပေမယ့် အခုကာလ ပြောင်းလဲလာနေတဲ့ ခေတ်စနစ်ကြီးထဲမှာ ပညာရပ်တခုခုလေ့လာသူတိုင်းဟာ လူငယ် လူရွယ် မဟုတ်သူတွေ၊ မိသားစုတာဝန် တဖက်ထမ်းနေရင်းက လေ့လာနေကြတဲ့ လူလတ်ပိုင်းတွေ ရှိလာပါပြီ။ မိမိအလုပ်တာဝန်၊ မိသားစုတာဝန်၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတာဝန်တွေတဖက်နဲ့ လေ့လာနေသူတွေဟာ အချိန်နဲ့ ပြိုင်နေကြရတဲ့ အချိန်လုနေကြရသူ ဖြစ်လို့နေပါတယ်။

တိုးတက်မြန်လွန်းတဲ့ နည်းပညာခေတ်ကြီးထဲမှာ တကသိုလ်ပညာရေး၊ အဆင့်မြင့် ပညာရေးတွေကိုလည်း အွန်လိုင်းကနေ အိုးမကွာ အိမ်မကွာ အလုပ်ကနေ မထွက်ရဘဲ လေ့လာလို့ ရလာနေတာပါ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ online learning (အွန်လိုင်းကတဆင့်သင်ယူခြင်း) က ဒီ ၂၁ ရာစုမှာ တော်တော်များလာပါပြီ။ အွန်လိုင်းပညာရေး ကို virtual learning (၀က်ဆိုက်ကတဆင့် သင်ယူခြင်း) လို့လည်း ခေါ်ဆိုကြပါတယ်။ အွန်လိုင်းပညာရေးကို လေ့လာဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်တော့ အချိန်ကို ကောင်းကောင်းအသုံးချတတ်မှသာ ဘာသာရပ်တခုချင်းစီမှာ အမှတ်ကောင်းကောင်း ရနိုင်မှာပါ။ အမှတ်ကောင်းကောင်းဆိုလို့ ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ (အခုချိန်ထိလည်း မပြောင်းလဲသေးတဲ့) ကြက်တူရွေးစာအံနည်းနဲ့ မေးခွန်းကျက်ဖြေ လို ပညာရေးမျိုး မဟုတ်ပါ။ ကိုယ်တိုင်လေ့လာပြီး နားလည်သလို ပြန်ရေးပြ ဆွေးနွေးပြရ မေးခွန်းပြန်ထုတ်ပြရတဲ့ လေ့လာမှု ဖြစ်ပါတယ်။

ဒီလို ဘာသာရပ်တွေအတွက် ပေးရတဲ့အချိန်ကလည်း တဖြည်းဖြည်း ရှားလာသလားအောက်မေ့ရပါတယ်။
နည်းပညာအသစ်တွေနဲ့အတူ လူမှုကွန်ရက်တွေကလည်း လူအတော်များများရဲ့ နေ့တဓူဝ အချိန်တွေထဲက အများဆုံးကို နှုတ်ယူပစ်လို့ နေပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက်စာရင် မနက်အိပ်ရာနိုးတာနဲ့ လူမှုကွန်ရက်ဝက်ဆိုက်တွေ ဖြစ်တဲ့ ဖေ့ဘွတ်လို၊ တွစ်တာလို ဆိုက်တွေက ကိုယ့်အကောင့်ကို ဖွင့်ပြီး သတင်းဖတ်၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေ ရေးတင်ထားတဲ့ ပို့စ်တွေဖတ် ရုပ်သံကြည့် စတာတွေနဲ့ အချိန်ကို စတင် အသုံးပြုကြတာပါ။ နည်းပညာ အကူအညီကြောင့် ကမာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာနေနေ တယောက်အကြောင်း တယောက်သိဖို့ သိပ်လွယ်ကူသွားပါပြီ။ ဒီလို ဆက်သွယ်ရေးတွေ လွယ်ကူမြန်ဆန်လာသလိုပဲ တနေ့တနေ့ လူမှုကွန်ရက် သုံးချိန်ဟာလည်း ကုန်မှန်းမသိ ကုန်ကုန်သွားတတ်တာပါပဲ။ 

ကျောင်းပညာရပ်တခုခုကို ကျောင်းဝင်းအတွင်း တက်ရောက်သင်ယူနေသူတွေအတွက် လက်ချာသင်ယူချိန်၊ အုပ်စုဖွဲ့ ဆွေးနွေးဖလှယ်ချိန် စသဖြင့် သီးသန့်ပေးထားလို့ရပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ လေ့လာသင်ယူသူတွေအတွက်တော့ လေ့လာမှုဟာ မိမိဘာသာ ဖတ်ရ မှတ်ရ သိချင်တာတွေကို အီးမေးလ်ကနေ ကျူတာဆီ မေးရ၊ မမေးခင် ကိုယ်ဖတ်ရမယ့် မာတိကာထဲမှာ ပါမပါ စတာတွေ အတွက် အချိန်ကို သေချာဇယားဆွဲထားပြီ မပျက်မကွက် စာဖတ်ဖို့ လိုပါတယ်။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချပါ ဆိုတဲ့ စကားစုလေးတွေဟာ အမြဲကြားနေ မြင်နေရလို့ မေ့တတ်ကြသလို စာဖတ်ချိန်တွေကို ပုံမှန်မလုပ်ဖြစ်ခဲ့ဘူးဆိုရင် တကယ်တမ်း အဆိုင်းမန့်လို့ ခေါ်တဲ့ အပတ်စဉ် နားလည်မလည်စစ်ဆေးတဲ့စာ သို့မဟုတ် အက်ဆေး တွေ တင်ရတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ နဲ့ စိတ်တပူပူ ဖြစ်ကြရပါလိမ့်မယ်။

စာကြွင်း။ ။  အဆိုင်းမန့်တခု ဖုတ်ပူမီးတိုက် တင်ရတိုင်း၊ စာမေးပွဲဖြေရခါနီးတိုင်း စိတ်ဖိစီးရမှုများအား အဆိုင်းမန့်တင်ပြီးသကာလ တပတ်အတွင်း ပုံမှန်လုပ်မည်ဟု ကျိမ်းဝါးတတ်သူများ ဆင်ခြင်နိုင်ဖို့။ :P :P

.... အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူရန် စိုင်းပြင်းနေသူများ၊ လူငယ်များအား ကိုယ်တွေ့များအား ပြန်လည် မျှဝေခြင်းသာ။ ..........

မင်္ဂလာနှစ်သစ်မှာ ပြုံးပျော်နိုင်ကြပါစေ။

ကေဇီလင်း
ဇန်န၀ါရီ ၃၊ ၂၀၁၃