Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, December 2, 2009

လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင်

အမေလူထုဒေါ်အမာကို စာနဲ့သာ ရင်းနှီးခွင့်ရှိခဲ့တဲ့ ကျမတို့လို လူငယ်တွေအတွက် ဘိုဘိုလန်းစင်ရဲ့ ဒီဆောင်းပါးလေးက အမေရဲ့ ဘ၀အစိတ်အပိုင်းလေးတွေကို မြင်သာ သိခွင့်ရလာစေပါတယ်။ ကျမဘလော့ဂ်လေးမှာ အမှတ်တရလေးအဖြစ် အမြဲအလွယ်တကူလေး ဖတ်နိုင်ဖို့ ဧရာဝတီဝက်ဆိုဒ်ကနေ ကူးယူဖော်ပြလိုက်ရပါတယ်ရှင်။။။


+++++

လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင်

Tuesday, 01 December 2009 15:30 ဘိုဘိုလန်းစင်

လူရဲ့ အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာ စေတနာနဲ့ သူများအကျိုးကို ရွက်ဆောင် ပေးခြင်းပဲဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုး နပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်မယ်ဆိုတာ သားဘာသာ စဉ်းစားဆုံးဖြတ်ပေါ့။


ဘိုဘို့မှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွားသံသယမရှိဘူး၊ အဲဒီအသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘိုစိတ်ဝင်စားစေချင်သေးတယ်။ ဘိုဘို့ဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ၊ အသိတရားတွေကို တခြားလူတွေအတွက် အသုံးချပေးနိုင်တဲ့ မြေးကလေးဖြစ်လာပါစေလို့ အဘွားဆန္ဒပြုပါတယ်။ …”

တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရ စာလေးများရေးပေးလေ့ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလအထိပင်တည်း။ အတူနေမြေး ၅ ယောက်စလုံးကို အစဉ်ပြောဆိုဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဘွားမရှိမှ ကောင်းကောင်းသိပါပြီ။

သို့ပေမယ့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူးရေးသားခဲ့သည့် အမေ့ရှေးစကားဆောင်းပါးများ ရေးစက အဘွားက ဘာလို့ အဘွားကြီးလေနဲ့ အမေ၊ အမေဆိုပြီး ရေးရပါလိမ့်၊ တသက်လုံး ကျမလို့ ရေးလာတာပဲဟု စလုံးစခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဘွားကို နောက်နှစ်တွေအကြာကြီး နေဦးမည်ဟု ထင်နေခဲ့သည်ကိုး။

(၂)


အဘွားနှင့် လူချင်းမတွေ့ဘူးလိုက်သူများက သူ့ကို အင်မတန့်သိက္ခာကြီးနှင့် ဧရာမအာဇာနည်မိန်းမကြီးလို ခန့်ခန့်ကြီးနေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဖူးပါ၏။ အသက် ၈၀ ကျော်ထိ တအိမ်လုံးက လူ ၁၅ ယောက်လောက်စာ ဈေးဝယ်ပြီး ဆိုက္ကားစီးပြန်သည့် အဘွားအကြောင်းပြောပြကာ ကိန်းကြီးခန်းကြီး မနိုင်ရပါကြောင်း ရှင်းပြရသည်။

မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်းနေတတ်သည့်၊ ဟာသတွေ အရွှန်းတွေဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။ စာရေးဆရာမဆိုပြီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဘွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလည်း မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေစီမံစားတတ်ပြီး အဆီအအိမ့်၊ ဘိုစာ၊ တရုတ်စာတွေထက် တောစာ၊ တောငှက်၊ တောအရွက်တွေကို ခုံခုံမင်မင်ရှိလှသည်ကို အောက်မေ့လှပါ၏။

လူကြီးဆိုပြီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက်ဟူသမျှကိုလည်း ဟေ့…. မင်း စားပါကွ ငါမကြိုက်လို့..ဆိုပြီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဘွားတယောက်သာ ဖြစ်ပါသည်။

သူနှင့်နေရသူအားလုံးစိတ်တွင် ဘယ့်အတွက်မှ စနိုးစနောင့်မဖြစ်အောင် စဉ်းစားလေ့ရှိပါ၏။ အဆာကျယ် ခြောက်စထောင်သည့် လူကြီးလူကျယ်အပေါက်မျိုး ချိုးသည်ကို ဘယ်အခါမှ သူ့တွင်မတွေ့စဖူး၊ သူ မကျေနပ်လျှင် မကျေနပ်ကြောင်း ပြောပြီးသည့်နောက် ရန်ငြိုးအကြွေး ထားတတ်သည့်အလေ့ကို အဘွားတွင်မတွေ့ရ။ ကွန်မြူနစ်ဖော်ကောင်ဘခက်နှင့် သခင်တင်မြတို့ လက်နက်ချတသိုက်ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးမည်၊ ကျနော့်ကို ဝင်ကူပေးပါဆိုသည့် တခါကသာ သူ မကျေနပ် လွန်းလှသဖြင့် ဒီလူတွေရေးမည့်စာအုပ်သည် ဘယ်လိုမှ ကောင်းမည့်စာအုပ်မဟုတ်ကြောင်း ဝင်မပါရန် ပြောဖူးပါသည်။

အဘွားစကား နားထောင်သည့်အနေနှင့် အဘ သခင်တင်မြနှင့် လူချင်းခင်သော်လည်း ထိုကိစ္စဝင်မပါခဲ့မိပါ။ နောက်ပိုင်း သခင်တင်မြ ပရမ်းပတာတွေ ရေးနေသည်ကိုတွေ့မှ လူကြီးများ တယ်မြင်တတ်ပါလား အောက်မေ့မိပါသည်။

အယ်ဒီတာ စာအုပ်တိုက်ရှင် တယောက်ပြောဖူးသလို ဒေါ်အမာသည် သူ့ဆီ နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသူ ဟူသမျှ တပြေးညီ ကောင်းမွန်စွာ ဧည့်ခံသည်ဆိုသည့်စကားကို အမှတ်ရပါသည်။ စာပေ၊နိုင်ငံရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ထိတွေ့ခဲ့ရသူများတွင် ကူလီကူမာ အမြတ်ထုတ်မည့်သူများလည်း မနည်းခဲ့ပါ။

သိပင်သိသော်ငြား ထိုသူများအားလုံးကို လူကြီးပီပီ တည်တည်တံ့တံ့ ဆက်ဆံတတ်ပါ၏။ တခါက မေမြို့တွင် အပူရှောင်နေသော အဘွားဆီ သွားလည်ပြီး မန္တလေးအဆင်းလမ်းတွင် ဗိသုကာအယ်ဒီတာ ကိုမော်လင်း ပြောခဲ့ဖူးသော ဒေါ်အမာ အသက်ရှည်တာ ခေတ်အဆက်ဆက် မျိုးဆက်သစ် လူတော်၊ လူကျော်တွေနဲ့ ထိစပ်နေခဲ့ပြီး ဘဝမှာ စိတ်ဝင်စားစရာ အသစ်အသစ်တွေ တွေ့နေနိုင်လို့ပဲဟူသည့် စကားကိုလည်း ခုတိုင် သတိရမိတော့၏။

ကာတွန်းဘက်ကဆို ဦးဘဂျမ်း၊ ဦးဟိန်စွန်းမှသည် အော်ပီကျယ်၊ ကိုဇော်မောင်အထိ၊ စာပေမှာကား ဂန္ထလောကခေတ်မှ အင်တာနက်မီဒီယာခေတ်၊ နိုင်ငံရေးသမားဆိုလျှင် ၂၁ ဦး အညာသားပါတီခေတ်မှ ကျောင်းသားမျိုးဆက် အဆက်ဆက်ထိ။ ဂီတလူမှုရေး၊ ပညာရေး၊ အရာရှိ၊ သူဌေး၊ ဘုန်းကြီး စသည့် နယ်ပယ်စုံတွင် ဒေါ်အမာ၏ မိတ်သင်္ဂဟဆိုသူများမှာ ဦးလှမရှိသည့်နောက်တွင်ပင် ယုတ်လျော့မသွားဘဲ တိုးလို့သာ လာသည်ကို သတိပြုမိပါ၏။ မန္တလေးက လက်ဝဲအုပ်စုတွေဆိုပြီး ဘာသိဘာသာ နေခဲ့ကြ သူများပင် ယခုကာလ ဖိနှိပ်ဆုတ်ယုတ်မှုများကြောင့် သံဝေဂရပြီး အဝင်အထွက်လုပ်လာသည်ကို တွေ့ရသည်။

(၃)


ဒေါ်အမာဆိုတာ ကွန်မြူနစ်မကြီးပါဟု တိုးတိုး (ဝါ) ပေါ်တင်စော်ကားကြသည်ကိုလည်း (နိုင်ငံရေးအုပ်စုထဲကပင်) ကြုံရဖူးပါ၏။ အထူးသဖြင့် စစ်အစိုးရ အဆက်ဆက် ဝါဒမှိုင်းအောက်တွင် လူဖြစ်ကြသူများအဖို့ ကွန်မြူနစ်ဆိုတာ ဝါးရင်းတုတ်နဲ့ လည်မျိုဆော်တဲ့ဘီလူးတွေဟုသာ ခပ်ဝါးဝါးသိထားကြရာ သူတို့ နှစ်ခြိုက်သည့် စာရေးဆရာမကြီးက ကွန်မြူနစ်အမေ၊ ကွန်မြူနစ်ဟု လက်ခံချင်ကြပုံမရ။

ကျနော်လည်း ဟိုစဉ်က အဘွားတို့၊ ဦးစိန်ဝင်းတို့ အမေရိကန် မကောင်းကြောင်းပြောလျှင် သိပ်မကြေလည်လှ။ ဂျွန်ဝက်ဘ်စတန့်လေးတွေမြင်မှ ရှေးသတင်းစာဆရာတွေ တယ်ပါးတာပဲ၊ ငါတို့တွေ သိပ်အတာပဲဟုသာ သက်မချမိတော့သည်။

လူမဆန်တဲ့ အရင်းရှင်စနစ်ကို ငါ ခုထိ လက်မခံနိုင်ဘူးဟု အဘွား ပြောခဲ့စဉ်က ရီဆက်ရှင်းမလာသေးပါ၊ ဗမာပြည်တွင် ဓာတ်ငွေ့လိုင်းတွေ ဖြတ်မဖောက်သေးပါ။ အဘွားမွေးနေ့တိုင်း လာနေကျ လူထုက စင်တင်ပေးလိုက်သည့် ရဲဘော်ကြီးက အိုင်ဒီယော်လော်ဂျီခေတ်ကုန်ပြီ၊ စစ်တပ်ကို မလှန်နဲ့တော့ ဆိုပြီး နိုင်ငံရေးပြည့်တန်ဆာ ဝါဒသစ်တရပ် ထူထောင်နေသည်ကို ဖတ်ရလေသော် အဘွားသုံးတတ်သည့် ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါမည်၊ ဗြိဇုံနဲ့ ဗြုံဇိ စသည့် အလုံးလေးများက ခေါင်းထဲပေါ်လာပါသည်။

အဘွားဖြတ်သန်းခဲ့ရာဘဝကို ပြန်စဉ်းစားလိုက်သော် ၁၉၃၆ သပိတ်ခေတ်မှစ၍ နိုင်ငံရေးနယ်ထဲ ကျွံမဝင်မိအောင် တတ်နိုင်သလောက် အလှမ်းခွာထားတတ်သည်ကို သတိပြုမိပါ၏။ သူ့ဘဝတွင် ပဲ့ကိုင်ရှင် သတင်းစာ ဆရာကောင်းတယောက်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် တချို့စာရေးဆရာမ၊ ပညာရှင် အမျိုးသမီးများလို လိမ့်လိမ့်လဲလဲဘဝမျိုး နိုင်ငံရေးသိက္ခာကျ လူအရင်နာမည်သေသည့် အဖြစ်မျိုးနှင့် မကြုံခဲ့ရပေ။

သူ့ဘဝကို သတင်းစာမှတဆင့် အထက်ဗမာပြည်၊ နောက် တနိုင်ငံလုံးက စာဖတ်ပရိသတ်သို့ ကမ္ဘာ့ရေးရာသုံးသပ်ချက်များပေးပြီး စစ်အေးအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ လူငယ်မျိုးဆက်သစ် သတင်းနှင့် အနုပညာသည်များ မြေတောင်မြှောက်ပေးခြင်း၊ သတင်းစာမရှိသည့်နောက် မြန်မာမှု အနုပညာသမိုင်းထုပ္ပတ်ကို ထိန်းသိမ်းဖော်ထုတ်ခြင်း၊ လူမှုစရိုက် ပညာပေးဆောင်းပါးများ ရေးခြင်းတွင် မြှုပ်နှံသွားခဲ့ပါ၏။

ထိုသို့ နယ်ပယ်စုံတွင် ကလောင်မြူးနိုင်သည့် အားသာချက်ကြောင့် သာမန် လက်ဝဲသတင်းစာဆရာများ ကြားတွင် စာပေပညာရှင် လူမှုသမိုင်းဆရာတယောက်အဖြစ် တင်ကျန်ခဲ့ပါသည်။ သို့ငြား တိုင်းပြည်တွင် အရေးကြီးလာပြီဆိုက ရှောင်သွေမလွှဲဘဲ နောက်က တိတ်တဆိတ်ပါတတ်ပါသေးသည်။

၁၉၈၈ က မန္တလေးထုတ် ၈ လေးလုံးသတင်းစာတွင် ခေါင်းကြီးရေး တည်းဖြတ်လုပ်ခဲ့သူဟု ဒေါ်အမာစာစု စာရင်းများတွင် တွေ့ရမည်မဟုတ်ပါ။ အခြေအနေ ဆိုးရွားလာချိန်တွင် မင်းကွန်းဆရာတော်ဆီ လူလွှတ်ပြီး ကြားဝင်ထိန်းပေးဖို့ ပြောခဲ့ပါသေးသည်။ သို့သော် ဆရာတော်က နိုင်ငံရေးနားမလည်ဟု ဆိုကာ လက်ရှောင် နေခဲ့သဖြင့် မနီလာပုံစံ နိုင်ငံရေးအပြောင်းအလဲကို မကြုံခဲ့ရပါ။

ဒေါ်ခင်ကြည် ဈာပနတွင် ဗိုလ်ချုပ်ကြီးတင်ဦးက ဒေါ်ဒေါ် ကျနော်တို့အတွက် ဝင်အရွေးခံရမယ်နော်ဟု စကားစသည်ကို ပြုံးနေခဲ့သဖြင့် ဆရာမင်းသုဝဏ်ကြုံရသော ဆင်းရဲဒုက္ခမျိုးမှ ကင်းဝေးခဲ့ရုံသာမက သူငယ်ချင်း အမ်အေဒေါ်အုန်းကဲ့သို့ အောင်ကြီးပါတီမှ ဝင်အရွေးခံမိ၍ အရှက်ကွဲရသည့်အဖြစ်ကိုလည်း မကြုံခဲ့ရ။ လွတ်လပ်သည့် နိုင်ငံရေးသတင်းစာဆရာအနေနှင့် ပညာရှိနှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း သိက္ခာရှိသည့် ဒီမိုကရေစီထွန်းကားရေးကို နောက်ဆုံးအချိန်ထိ ခိုင်ခိုင်မာမာ အားပေးသွားခဲ့သည်။

(၄)


ဆင်းရဲသော ဓားမနောက်ပိတ်ခွေးတိုင်းပြည်တွင် လူဖြစ်မိသော ကျနော်တို့တွင် ကံကောင်းလွန်းလှစွာ ကာလကြာရှည် အတူနေထိုင်ခဲ့ရသော အဘွား၏ လူ့သက်တမ်းကို မှတ်မှတ်ရရဖြစ်စရာဟု ဗီဒီယို မှတ်တမ်းများများ ရိုက်မထားနိုင်၊ မစုနိုင်ခဲ့ပါ။ သို့တွက် သူ့လက်ရေး လက်သား စာအုပ်၊ စာတမ်းတွေ့သမျှ အဝေးရောက် ကျနော်တို့အတွက် အမှတ်တရဖြစ်ရသည်။

များမကြာခင်က စင်္ကာပူနေ သမိုင်းပါမောက္ခတယောက်ဆီမှ ၁၉၃၆ မြန်မာ့အလင်း သင်္ကြန်စာစောင်တွင် မအမာ၊ တက္ကသိုလ် ဆိုပြီးရေးသည့် ဆောင်းပါးလေး တပုဒ်ရတော့ အင်မတန်မှ သူ့ကို အောက်မေ့ရသည်။ ငါရေးခဲ့လားတောင် မမှတ်မိတော့ပါဘူးဟုဆိုကာ ပြုံးနေမည့် သူ့မျက်နှာကိုလည်း မြင်ယောင်မိပါ၏။

သူရေးပြီးသားထဲမှ အဖြတ်အတောက်ခံပြီး စာအုပ်ဖြစ်မလာသေးသည့် စာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ကိုကိုးကျွန်းပို့ခံရသည့်သားအတွက် ခံစားချက် ကြုံတွေ့ရပုံအစုံကို ပြန်လွတ်ချိန်ထိ မှတ်တမ်းတင်ထားချက်များမှာ သမိုင်းတန်ဖိုး ကြီးလှပါသည်။ ပြန်လွှတ်မည့်အကြောင်း မေမြို့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါ်ပြောပြီး အိမ်အပြန်တွင် မည်မျှ စိတ်တုန်လှုပ်ခံစားရပုံကို မှတ်သားထားသည်မှာ ဝတ္ထုရေးဆရာများပင် အတုယူလောက်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း ဗြိတိသျှစာကြည့်တိုက်မှ ပက်ထရစ်ရှာ ဟားဗတ်ရေးသကဲ့သို့ ဒေါ်အမာကွယ်လွန်ခြင်းသည် ခေတ်ကြီးတခေတ်၏ အဆုံးသတ်ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဖြင့် လူ့ဘောင်သစ်တရပ် ထူထောင်မည်ဟူသော စိတ်ကူးကို အကောင်အထည် မဖော်နိုင်ခဲ့သည့် မျိုးဆက်၏ နိဂုံးလည်း ဖြစ်ပါသည်။ ထိုမျိုးဆက်၏ အလုပ်အမွေကို ပြီးမြောက်အောင် ဆောင်ရွက်မည့် လူချွန် လူကောင်း များများ ပေါ်ထွက်လာပါစေ၊ မြေတောင်မြှောက်ပေးနိုင်ကြပါစေဟုသာ မျှော်လင့်ရပါ၏။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သော လူထု ဒေါ်အမာ၏ မွေးနေ့အထိမ်းအမှတ် ဆောင်းပါး။

Tuesday, October 21, 2008

ဒီဆောင်းပါးလေးကို ဖတ်ရတာ ငယ်ရွယ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုခေတ်ကို မမှီလိုက်တဲ့သူတွေအတွက် ဗဟုသုတတိုးစေမယ်လို့ ထင်ပါတယ်။ ခေတ်ပြိုင်ဝက်ဒ်ဆိုဒ်ကနေ ကူးယူဖော်ပြပါတယ်။

-----------------------------

တပည့်ဟာ ဆရာထက်တော်ရမယ်

မောင်စွမ်းရည် (၂၉-၉-၀၈)။ ။

ဒီစကားဟာ ဗမာပြည်ရဲ့ကျောင်းသုံးစာအုပ်တွေကို အခြေခံပညာသူငယ်တန်းက အစ၊ တက္တသိုလ် မဟာဝိဇ္ဇာအထိ တသက်ပန်လုံး ဆိုရမလောက် ပြုစုရှာဖွေပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးသမားလည်းဖြစ်၊ ပညာရှိကြီးတဆူလည်းဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ပြောခဲ့တဲ့ စကားပါ။ တပည့်က ဆရာကို တော်ရုံမေးခွန်း တခုလောက် ပြန်မေးတာတောင် မကြိုက်တတ်တဲ့ ဗမာပြည်မှာ ဒီလိုစကားမျိုးကို ထုတ်ဟပြောဆိုဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန်ကြီးမားတဲ့ စေတနာနဲ့ အင်မတန်ကြီးမားတဲ့ ဦးနှောက်က စိမ့်ထွက်လာတဲ့ “မဟာပညာရေးဝါဒ” တရပ်ဖြစ်ပါတယ်။

ဒီစကားဟာ ဒီမှာတင် ဆုံးတာမဟုတ်သေးဘူး။ “တပည့်တို့ဟာ ဆရာ့ပခုံးပေါ်တက်ပြီး တဆင့်ထက်တဆင့်မြင့်အောင် ကြိုးစားရမယ်။ ဆရာ့တို့ပခုံးပေါ်ကို တက်ကြပါတဲ့။” ဒါဟာ သူက တပည့်တွေကို အခွင့်ကြုံတိုင်းပြောလေ့ရှိတဲ့ စကားစု ဖြစ်ပါတယ်။ ဒီစေတနာအတိုင်းလည်း တသက်လုံး အကောင်အထည်ဖော်ပေးခဲ့ပြီး သူ့တပည့် ဗမာကျောင်းသား လူငယ်တွေကို တော်သထက်တော်အောင် အခွင့်အလမ်းတွေ ရှာဖွေကူညီအားထုတ်ပေးခဲ့တယ်။ သူတပည့်ဆိုတာ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကအစ သခင်နု၊ သခင်အောင်ဆန်း၊ သိန်းဖေမြင့်၊ ဒဂုံတာရာ၊ ဒေါ်အမာ၊ ဒေါ်အုန်းအလယ်၊ အောင်သင်း၊ ထွန်းမြင့် (မင်းမော်) တို့အဆုံး အားလုံးတပည့် မျိုးဆက်သုံး၊ လေးဆက်ကို ဆိုလိုပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ဟာ နိုင်ငံရေးသမားမဟုတ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလောက် လူသိမများပေမယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်တကွသော နိုင်ငံရေးသမားတွေ၊ ပညာရှိတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ စတဲ့နိုင်ငံတော်မျက်နှာဖုံး လူကြီးလူငယ်အားလုံးက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်မှာ တည်ထောင်တယ်။ အသက် (၂၄) နှစ်သာရှိသေးတဲ့ ဦးဖေမောင်တင်ဟာ ဖွင့်လှစ်စ အရှေ့တိုင်းဘာသာများဌာနမှာ ပါမောက္ခဖြစ်နေရာက အင်္ဂလန်ကိုပညာသင်သွားရပါတယ်။ အဲဒီတော့ အသက် (၃၂) နှစ်ပါ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုလို့ ပါဠိကျမ်းစာအသင်းက ရွှေဒင်္ဂါးတထောင် ဆုချီးမြှင့်ခံရပါတယ်။ အိန္ဒိယနဲ့ သီဟိုဠ် (သီရိလင်္ကာ) တို့မှာ အင်္ဂလိပ်စာတတ် ပါဠိပညာရှင်အကျော်အမော်တွေရှိပေမယ့် ရွှေဒင်္ဂါးဆုငွေ တထောင်ပေးမယ်လို့ ကြော်ငြာတာတောင် ထွက်မလာခဲ့ပါ။ ဦးဖေမောင်တင်ဟာ ဖခင်က ခရစ်ယာန်ဖြစ်လို့ သားလည်း ခရစ်ယာန်ဖြစ်ပေမယ့် အမေဘက်ကအဘိုးက သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓသီလာစာရ ဖြစ်လို့ ဗုဒ္ဓစာပေဖြစ်တဲ့ ပါဠိစာပေကျမ်းဂန်တွေကို နားလည်နိုင်တဲ့ အခြေခံကောင်း ရှိခဲ့သူဖြစ်ပါတယ်။ ပါဠိဘာသာနဲ့ အိန္ဒိယတက္ကသိုလ်က မဟာ
ဝိဇ္ဇာဘွဲ့ရထားသူအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာစကားဌာနမှာ မြန်မာထဲက ပထမဆုံး ပါဠိပါမောက္ခ ခန့်အပ်ခံရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ပါဠိကျမ်းစာအဖွဲ့ရဲ့ ရန်ကုန်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လယ်တီ ဆရာ တော်က အစ အရှင်ဇနကာဘိဝံသအဆုံး ပါဠိကျမ်းတတ်ဆရာတော် အကျော်အမော်များနဲ့လည်း ပါဠိဘာသာစကားကိစ္စနဲ့ ဗုဒ္ဓစာပေကိစ္စတွေကို နည်းခံလေ့လာသူတဦးလည်း ဖြစ်ပါတယ်။

ဦးဖေမောင်တင်ဟာ မြန်မာမှု၊ မြန်မာစာပေကို အလွန်လေးစားမြတ်နိုးပြီး ဗုဒ္ဓစာပေသာမက မြန်မာစာပေနဲ့ မြန်မာသမိုင်း ကိုလည်း ခေတ်မီသုတေသနနည်းနာများနဲ့ ရှေးဦးလေ့လာလိုက်စားခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်ယာန် လူငယ်တဦး အနေနဲ့ တက္ကသိုလ်ဆရာဖြစ်လာပေမယ့် တောင်ရှည်ပုဆိုး၊ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်း အုပ်ပေါင်းဝတ်ဆင်ပြီး ကျောင်းတက်၊ စာသင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးက ဂုဏ်ပြု ချီးကျူးပြီး အားထားလေးစားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဖွင့်စမှာပဲ တက္ကသိုလ်ကျောင်းသားတိုင်း တန်းနိမ့်မြန်မာစာ မသင်မနေရလုပ်ဖို့နဲ့ ဂုဏ်ထူးတန်းများ ဖွင့်ဖို့ကို အားထုတ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ပုဂံကျောက်စာတွေကို ကိုယ်တိုင်သွားရောက်ကူးယူပြီး စာအုပ်တွဲ (၅) တွဲထုတ်ဝေ သင်ကြားပေးခဲ့ပါတယ်။ “မင်းတို့မှာ တက္ကသိုလ်သင်လောက်တဲ့ မြန်မာစာပေကျမ်းဂန်တွေ ရှိရဲ့လား” လို့ အင်္ဂလိပ်တွေ မေးတာကို တုံ့ပြန်တဲ့အနေနဲ့ သူကိုယ်တိုင်ကြီးမှူး အုပ်ချုပ်နေရတဲ့ ဘားနာဒ်အခလွတ် ပိဋကတ်တိုက်မှာ
ပေမူ ပုရပိုက်မူတွေနဲ့ ရှိနေတဲ့ မြန်မာစာပေကျမ်းဂန်တွေထဲက (၄၆) အုပ်ကို မြန်မာပညာရှိတွေ အကူအညီယူရင်း တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံး မြန်မာစာပေသမိုင်း ကျမ်း တစောင်လည်း ပြုစုထုတ်ဝေခဲ့ပါတယ်။ သူရဲ့မြန်မာစာဂုဏ်ထူတန်းကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ စတဲ့ ခေတ်ဆန်းစာပေသမားတွေကို မွေးထုတ်ရင်း အမျိုးသားကျောင်းတွေကို အခြေခံလာတဲ့ မြန်မာစာပေ သင်ကြား လေ့လာမှုကို တက္ကသိုလ် လက်ဆင့်ကမ်းယူ မြှင့်တင်ပေးခဲ့နိုင်ပါတယ်။

လွတ်လပ်ရေးခေတ်ဦးမှာ အရင်က မရှိဖူးသေးခဲ့တဲ့ စနစ်သစ် ကျောင်းသုံးမြန်မာဖတ်စာ၊ ကျောင်းသုံးပါဠိသဒ္ဒါ၊ မြန်မာသဒ္ဒါ၊ မြန်မာ ဝါကျဖွဲ့ထုံးကျမ်း စတဲ့ ကျောင်းသုံးစာအုပ်တွေကို ပြုစုပေးခဲ့ပေးပြီးနောက် အငြိမ်းစားယူပြီးတဲ့အခါမှာလည်း စာပေဗိမာန်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်၊ သက်ကြီးတက္ကသိုလ် စသည်တို့မှာ ကြီးမှူးအုပ်ချုပ်မှုတာဝန်တွေကိုလည်း ယူခဲ့ပါသေးတယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာ ဇာတကဝတ္ထုတွေ၊ ဇာတ်ကြီး (၁၀) ဘွဲ့တွေနဲ့ ဗုဒ္ဓဝင်စာပေတွေထဲက စာပေတွေ ထုတ်နုတ် ပြဋ္ဌာန်းပေးလို့ ခရစ်ယာန်တချို့ရဲ့ ငြိုငြင်ပုတ်ခတ်မှုတွေကို ခံခဲ့ရဖူးပါတယ်။ “မင်းတို့ခရစ်ယာန် သာသနာ ပြုရာမှာဖြစ်စေ၊ မြန်မာပြည်သူတွေကို အုပ်ချုပ်ရာမှာဖြစ်စေ၊ ဒါတွေမလေ့လာလို့ရှိရင် အောင်မြင်မှာမဟုတ်ဘူး။ မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတွေနဲ့ အဆင်ပြေချင်ရင် ဒါတွေကို မင်းတို့ကိုယ်တိုင် လေ့လာသင့်တယ်” လို့ပြောမှ ငြိမ်သွားခဲ့ကြပါတယ်တဲ့။

ဆရာကြီးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို နိုင်ငံရေးမှာ မပါဝင်ခဲ့ပေမယ့် အကြီးမြတ်ဆုံး မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီး တဦးအဖြစ်နဲ့ မြန်မာစာပေ၊ မြန်မာစကားတို့ကို စောင့်ရှောက်မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော မြန်မာပညာရေးကို ပဲ့ကိုင် မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော ဆောင်ရွက်ရာမှာ ထိပ်ဆုံးတန်းပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

သူကိုယ်တိုင် ဦးဆောင်ပါဝင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၁၀ နဲ့ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး အသင်း ၁၉၂၈ တို့ကနေ မြန်မာစာပေ၊ မြန်မာသမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတို့ကို သုတေသနပြုခြင်း၊ စာအုပ်ထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းအကျဆုံး သုတေသနဂျာနယ်အဖြစ် ထင်ရှားပါတယ်။ ဆရာကြီးကိုယ်တိုင် အသင်းဥက္ကဋ္ဌ၊ ဂျာနယ်အယ်ဒီတာ၊ ငွေထိန်း စသည်ဖြင့် တကြိမ်မက တာဝန်ယူခဲ့ရပြီး သူတပည့်များဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးမျိုးမင်း၊ ဒေါက်တာ ညီညီ၊ ဦးသော်ကောင်း၊ ဒေါက်တာ သန်းထွန်း စတဲ့ သုတေသီပညာရှင်များက ပခုံးပြောင်းတာဝန်ယူခဲ့ကြပါတယ်။ နောက်ဆုံးတိုးချဲ့ဖွဲ့စည်းတဲ့ စာအုပ်ထုတ်ဝေရေးအဖွဲ့ငယ်မှာ မောင်စွမ်းရည်လည်း ပါဝင်ခဲ့ရပေမယ့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ကိုယ်တိုင် တာဝန်ပေး၊ တည်းဖြတ်ထုတ်ဝေခိုင်းထားတဲ့ ဗုံကြီးသံကောက်စိုက်သီချင်းများ စာမူတောင် မထုတ်ဝေလိုက်ရဘဲ အသင်း
ဖျက်သိမ်း၊ ချိတ်ပိတ်ရာ သူ့စာမူပါသွားခဲ့ပါတယ်။ အသင်းဖျက်သိမ်းစေသူကတော့ ဗိုလ်နေဝင်းပဲဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ သူကျောင်းထုတ်ခံခဲ့ရတဲ့တက္ကသိုလ်၊ သူ့ပြိုင်ဘက်အုပ်စု ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ စသူတို့ မွေးထုတ် ပေးရာ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ မွေးထုတ်ပေးခဲ့ရာ တက္ကသိုလ်ကို အာဃာတထားပြီး တက္ကသိုလ်သမဂ္ဂ အသင်းကြီးကိုပါ ဖျက်ဆီးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆရာ မင်းသုဝဏ် စတဲ့တက္ကသိုလ်ဆရာ၊ ခေတ်စမ်းစာပေသမားတွေကို လည်း “ခရစ်ယာန်ကြီးဖေမောင်တင်ရဲ့တပည့်တွေ” အဖြစ်နဲ့ အငြိုးထားပါတယ်။ ဦးဖေမောင်တင်နဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း တည်ထောင်ခဲ့သူ သတိုးသီရိသုဓမ္မဘွဲ့ရ ဆရာကြီး ဖာနီဗယ်နဲ့ ဆရာကြီး လုစ်တို့ကိုလည်း CIA လို့ စွပ်စွဲပြီး တိုင်းပြည်က နှင်ထုတ်ခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံးတည်ထောင်သူ သခင်ဗသောင်း၊ သခင်လေးမောင် စတဲ့သခင်များနဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်စတဲ့ ကွန်မြူနစ်ပါတီ၊ ဖဆပလ၊ ဘီအိုင်အေ စတဲ့အဖွဲ့အစည်းတည်ထောင်သူတွေ အားလုံးဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်အစိုးရ အရာရှိကြီးတဦးဖြစ်ပေမယ့် တို့ဗမာအစည်းအရုံးက တပည့်တွေကို လစဉ်ငွေကြေးရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ ဘီအိုင်အေ ၀င်လာတော့လည်း ဗိုလ်အောင်ဆန်းတို့ကို ရန်ပုံငွေ ဆီးပြီး လှူခဲ့ပါတယ်။ ဒီတပည့်တွေထဲမှာ သူမပါဘူး။ ဒါတွေကြောင့် ဆရာကြီးကို ဗိုလ်နေဝင်း အငြိုးထားခဲ့ပုံရပါတယ်။ “ခရစ်ယာန်ကြီးဖေမောင်တင်” လို့ခေါ်ခဲ့တာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးဖို့ ဖြစ်ပုံရပြီး တကယ်တော့ သူကိုယ်တိုင်က ရတနာသုံးပါးနဲ့ အလွန်ဝေးလို့ ငါးပါးသီလတောင်ဖြောင့်အောင် ဆိုတတ်ပုံမရပါ။

ဆရာကြီး ဦးဖေမောင်တင်ဟာ အင်္ဂလိပ်အစိုးရခေတ်မှာ အင်္ဂလိပ်အရာရှိကြီး ဖြစ်လာပေမယ့် အခြေခံကျောင်းသားဘဝ ကတည်းက အင်္ဂလိပ်အရာရှိတွေကို လက်အုပ်ချီနှုတ်ဆက်ရမယ်ဆိုတဲ့ အမိန့်ကို ဦးဆောင်ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလန် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း မြန်မာအသင်းမှာ အင်္ဂလိပ်ဘုရင်ခံဟောင်းတဦး ဟာဗေးအဒမ်ဆင်နဲ့ ဥက္ကဋ္ဌ ရာထူးမှာ ယှဉ်ပြိုင်အနိုင်ယူခဲ့လို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးဖြစ်တော့လည်း အင်္ဂလိပ်လူမျိုး ရူပဗေဒပါမောက္ခ မစ္စတာ ပီးကော့ဟာ လက်တွေ့စမ်းသပ်ခန်း လက်ထောက်မြန်မာတဦးကို လက်သီးနဲ့ထိုးလို့ အရေး ယူခဲ့ရာမှာ ပါမောက္ခကြီးဟာ အလုပ်ကနုတ်ထွက်ပြီး အင်္ဂလန်ပြန်ပို့ခံရပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေကို အန်တုအရေးယူရဲတဲ့ အပြုအမူဟာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။

သာသနာရေး ရှုထောင့်ကကြည့်ရင် သူ့ခေတ်မှာ အလွန်နည်းပါးလှတဲ့ ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်တွေထဲမှာ သူ့လောက် (ဦးဖေမောင်တင်) ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ဆရာကြီးဟာ အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ်၊ ဓမ္မစင်္ကြာသုတ်၊ အနတ္တလက္ခဏသုတ် ကအစ ရွှေတိဂုံဘုရားရှိခိုးအထိ အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး အမေရိကန် တက္ကသိုလ်တခု (ချီကာဂို) မှာ ဗုဒ္ဓစာပေကို ၁၉၅၇-၁၉၅၉ မှာ ပို့ချရင်းက တခြားတက္ကသိုလ်များကိုပါ သွားရောက် ဟောပြောခဲ့ဖူးပါတယ်။ လန်ဒန်ပါဠိအဖွဲ့ကြီးရဲ့မြန်မာပြည်ကိုယ်စားလှယ်အဖြစ်နဲ့ ပါဠိပါမောက္ခဖြစ်စကနေ ၁၉၇၂ ခုနှစ် ကွယ်လွန်ခါနီးအထိ ပါဠိအဋ္ဌကထာအတွဲ (၅၀) ထုတ်ဝေရေးမှာလည်း တည်းဖြတ်သူ (အယ်ဒီတာ) အဖြစ် တာဝန် ပေးခံရသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူများကပါ ဗုဒ္ဓစာပေပညာရှင်အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။ ဆရာကြီး လန်ဒန်တက္ကသိုလ်ကျောင်းသားဘဝက ဝိသုဒ္ဓိမဂ်ဘာသာပြန်လို့ ရခဲ့တဲ့ ဆုငွေကိုတောင် ကိုယ်တိုင်မချမ်းသာပဲနဲ့ ပါဠိကျမ်းစာအသင်းကို အားလုံးလှူခဲ့ပါတယ်။

ဆရာကြီးဟာ အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရေးအတွက် လိုအပ်တဲ့ကျောင်းသုံးစာအုပ်အမျိုးမျိုးကို ပြုစုထုတ်ပေး ခဲ့သူ၊ မြန်မာစာပေနဲ့ မြန်မာသမိုင်း၊ မြန်မာဘာသာဗေဒ လေ့လာရေးတို့မှာ လမ်းခင်းပေးခဲ့သူ၊ ၁၉၂၀ အမျိုးသားပညာ ရေးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသားကျောင်းထွက် လူငယ်တွေကို တက္ကသိုလ်က ဆီးကြိုပြီး မြန်မာစာပေ သင်ယူ လေ့လာမှုကို မြှင့်တင်ပေးရင်း ခေတ်စမ်းစာပေဆိုတဲ့ မြန်မာစာပေသစ်ကဏ္ဍတခုကို မွေးထုတ်ပေးခဲ့သူ၊ ဗုဒ္ဓစာပေ၊ ပါဠိစာပေ ကမ္ဘာဖြန့်ရာမှာ ရှေ့တန်းကပါဝင်ခဲ့သူ မြန်မာ့ကျေးဇူးရှင် မျိုးချစ်ပုဂ္ဂိုလ်ကြီးစင်စစ် ဖြစ်ပါတယ်။

ဆရာကြီးက မြန်မာစာပေသမိုင်းကို ဟောပြောပို့ချရာမှာ “ငါတို့စာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ” လို့ ရာဇကုမာရ်ကျောက်စာကို လက်ညှိုးထိုးပြီး ဖော်ထုတ်ပြောဆိုလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ မြန်မာစစ် အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းရဲ့ကျေးဇူးကန်းတာကို ခံရင်း ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ဆရာကြီး ဦးဖေမောင် တင်ဟာ ၁၉၃၆ ကိုနု၊ ကိုအောင်ဆန်း၊ မအမာ၊ မအုန်းတို့ရဲ့သပိတ်အပြီး၊ ၁၉၃၇ မှာ မြန်မာထဲက ပထမဆုံး တက္ကသိုလ် ကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ မအောင်မြင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ဖူးမှာပါ။ ဒီလိုကျေးဇူးကန်းတဲ့ တပည့်မျိုးတွေ မပေါ်ပေါက်အောင် ကျနော်တို့ခေတ်ရဲ့တာဝန်ဖြစ်နေပါပြီ။

ခေတ်သစ်မြန်မာစာပေသမိုင်းမှာ ကျေးဇူးသိခြင်းတရားနဲ့ပဲ မွှမ်းထုံပါစေသတည်း။ ။