Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Tuesday, November 4, 2014

ဓနုတို့ တောင်တန်းနဲ့ ရေပြာအိုင်

   
   လှပတဲ့ ပန်းချီကားတွေနဲ့ခပ်ဆင်ဆင် ရှုခင်း၊ အေးစိမ့်စိမ့်လေတွေ ရှုရှိုက်ရင်း ပေ ၄၀၀၀ ကျော်အမြင့်ရှိတဲ့ ရှမ်းတောင်တန်းကို ဖြတ်သွားတဲ့ချိန် ရလိုက်တဲ့ ခံစားချက်က သိပ်ကို လွတ်လပ်တယ်။ စိတ်ထဲ ကြည်ပြီး အရာရာကို ဓါတ်ပုံရိုက်ချင်စရာ။ တရိပ်ရိပ်ပြေးနေတဲ့ တိမ်တွေရယ်၊ လမ်းတဖက်စီက နွဲ့ယိမ်းနေတဲ့ ယူကလစ်ပင်တန်းတွေရယ် ခပ်ဝေးဝေးကမြင်ရင် ပန်းချီကားထဲက အစက်အပြောက်လေး တွေလား ထင်ရတယ်။ အဲ့လိုထင်ရပေမယ့် အနီးကပ်လာတာနဲ့ အမျှ ကျောက်တောင်တွေ ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင် ကတော့ စိမ်းစိုနေတဲ့ စပါးခင်းတချို့၊ ဂေါ်ရခါးသီးစိုက်ခင်းတွေ၊ ထောပတ်သီးပင် ကော်ဖီပင်နဲ့ နှစ်ရှည်ပင်ကြီးတွေပေါ့။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ 
မြစ်ချောင်း အိုင်ငယ်ပေါတဲ့ ရှမ်းပြည်။ မြူတွေဖုံးပြီး တောင်တွေနဲ့ တိမ်ထိလုလု၊ တချို့ တောင်တွေမှာ တိမ်တွေနဲ့ ထိနေတဲ့ ဒေသ၊ လမ်းပန်းဆက်သွယ်ရေး အတော်အသင့် ကောင်းတဲ့အထဲပါပြီး ဥတုရာသီအေးတဲ့ ဒေသမှာ ရှမ်းတိုင်းရင်းသားအများစုအပြင် တခြား ပအို့ဝ်၊ ပလောင်ဝ်၊ ဓနု၊ အင်းသား၊ တောင်ရိုး စတဲ့ စတဲ့ တိုင်းရင်းသားအုပ်စုငယ် လေးတွေလည်း သူ့နေရာနဲ့သူ နေထိုင်ကြတယ်။ ရှမ်းပြည်ရဲ့ ကုန်သွယ်မှုပြုရာမြို့ဖြစ်တဲ့ အောင်ပန်း မြို့ကလာရင် ၁၀ မိုင်အကွာ လမ်းခွဲမှာ အတွင်းလမ်း တဖက်ခြမ်း ၁၃ မိုင်ထပ်ဝင်ရင် ဂူအတွင်း ဗုဒရုပ်ပွားတော်တွေကြောင့် နာမည်ကြီးတဲ့ ပင်းတယကို သွားလို့ရသလို ကျန်တဲ့တဖက်ခြမ်း မန္တလေးကို အပြန်လမ်းဘက်မှာ ဓနုတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တွေ့ရမယ်။ 


ရေပြာအိုင်သို့ အဆင်းလမ်း
ဓနုအပိုင်ဒေသ ရွာငံမြို့နယ်အစ ၇ မိုင် မှာပဲ ရေပြာအိုင်ဆိုတဲ့ သဘာဝရေအိုင် တခုကို တွေ့ရတယ်။ မြသပိတ်ရေပြာအိုင်လို့ နာမည်ပေးထားပြီး တောကျယ်ရွာအစမှာ လမ်းညွှန် ဆိုင်းဘုတ်ကလေးတွေ ကပ်ထားတယ်။ ဆိုင်းဘုတ်ကပ်ထားတဲ့ လမ်းဘေးမှာပဲ ရေကန်ကြီးကြီးတခုတွေ့လို့ ဒီရေ မပြာပါလားဆိုပြီး စောဒက တက်လိုက်သေးတယ်။ (တကယ်က ရေပြာအိုင်ဆီ မရောက်သေးတာ။ :) ) ဒီရေပြာအိုင်အကြောင်း လူမှုကွန်ရက်တွေမှာ ပျံ့လာတာ ဒီ ၂၀၁၄ ခုနှစ်မှ။ အနီးနား တောကျယ်ရွာက ဆရာတော်နဲ့ ရွာသူရွာသားတွေက မြသပိတ် ရေပြာအိုင်ကို အလည်လာသူတွေ အလွယ်တကူ ဆင်းကြည့်လို့ရအောင် လှေကားလေးဖောက်ပြီး အိုင်ကိုလည်း ကာထားပေးတယ်။ 

ဆရာတော်ရဲ့ သတိပေးချက်
သိပ်မကျယ်လှတဲ့ အိုင်က တောင်တွေကြားက လျှိုနက်နက်ထဲ ဖြစ်ထွန်းနေတဲ့ပုံမျိုးနဲ့ တူပါတယ်။ ရေပြာအိုင် ပတ်လည်မှာ တော့ မြယာပင်သစ်ပင်ကြီးနဲ့ တခြား လူတဖက်စာမကတဲ့ အပင်တွေ ကြောင့် အေးပြီး စိမ့်နေတယ်။ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ကန်ကို နေရောင်က ရသလောက်ကနေ ထိုးဖောက် ဖြာဝင်နေ တာကြောင့် ရေပြာပြာကို ပိုကြည်စေပြီး ငါးကလေးများ ကူးခတ် နေတာ ကိုလည်း တွေ့ခဲ့ရသေးတယ်။ ကန်အစပ်ကတော့ မြေပျော့ပြီး ကျွံဝင်နိုင်တဲ့ အတွက် ဘောင်ခတ်ထားတဲ့ နေရာကပဲ ကြည့်ပြီး ပြန်ရင်တော့ အန္တာရာယ်ကင်းနိုင်ပါတယ်။ အိုင်ဆီ မရောက် ခင်က ရေပြာပြာဆိုတာ သိမ်းထားချင်လို့ ဗူးနဲ့ ခပ်ယူလာမဟဲ့ လို့ စိတ်ကူးထားတာလေးက ကန်အစပ်က မြေပျော့ပျော့ကြောင့်ပဲ လက်လျော့ခဲ့ရတယ်။ :-(

တောကျယ်ရွာက မြသပိတ်ရေပြာအိုင်
ရွာငံမြို့ဆိုတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ရှမ်းပြည် အောင်ပန်းမြို့နယ်ကနေ မန္တလေးတိုင်း ကျောက်ဆည်မရောက်ခင် ဟန်မြင့်မိုရ် ရွာနဲ့ နယ်နိမိတ်ဆက်တယ်။  တောင်တွေကို အလယ်ကပတ်ပြီး လမ်းဖောက်ထားတယ်။  အောင်ပန်း - ရွာငံ - ဟန်မြင့်မိုရ်လမ်းက လမ်းတလျှောက်ကတော့ လမ်းချော မဟုတ်လို့ ကားကို ထိန်းပြီး မောင်းရတယ်။ အဆင်းသတိထားရသလို မန္တလေးဘက်က လာတဲ့ အတက် သမားတွေ အတက် အတော်မက်စောက်တဲ့ လမ်းမျိုး။ ကားကို ဖြည်းဖြည်း မောင်းရတော့ သဘာဝ ရှုခင်းကိုလည်း တ၀ကြီး ကြည့်ခွင့်ရတာပေါ့။ (အောက်သူအောက်သားဆိုတော့ ထောပတ်သီးပင် မမြင်ဘူးလို့ သေချာကြည့်ခဲ့သေး။ ထောပတ်သီးတွေကတော့ မရင့်သေး။)

ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်
အင်းလေးကအပြန် အောင်ပန်းမှာလည်း မနက်စာမစားခဲ့ဘဲ ရွာငံထိတက်တော့ လမ်းမှာဗိုက်ဆာတာနဲ့ ရေပြာအိုင်မရောက်ခင် ရွာတရွာမှာ မနက်စာဝင်စားဖြစ်တယ်။ ကားလမ်းဘေးက သပ်သပ်ရပ်ရပ် တည်ထားတဲ့ ဆိုင်ကလေးမှာ။ ဆိုင်ရှေ့ ရပ်ကြည့် လိုက်တာနဲ့တင် သန့်ရှင်းနေတာတွေ့တော့ စားချင်စိတ်တွေ ပိုတိုးသွားတာပေါ့။ ခရီးတထောက် နား ခရီးသည်တွေအတွက်တော့ သိပ်ကိုအဆင်ပြေတယ်။  ဓနုတိုင်းရင်းသားတို့ရဲ့ အစားအသောက်က ရိုးရှင်းတယ်။ ရှမ်းတွေလိုမျိုး ကောက်ညှင်း၊ ခေါပုတ်၊ တို့ဟူးနွေး၊ တို့ဟူးကြော် နဲ့ ရှမ်းခေါက်ဆွဲတွေ။ ဒေသလက်ရာ ရှမ်းစာကို မြိန်ရေ ယှက်ရေ စားခဲ့ရတာ။ ဒါ့အပြင် ဖော်ရွေ တတ်တဲ့ မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ စိတ်ထားကောင်းတဲ့ဓလေ့နဲ့ ရက်ရောမှု တွေကြောင့် ပီတိဖြစ်ရသေးတယ်။ကျမတို့က ရေနွေးဝယ်ချင်လို့ ရေနွေးရောင်းပေးပါလားလို့ မေးတော့ - ဒီလမ်းဘက်ကို ပြန်ရောက်မယ်ဆိုရင် ဓါတ်ဘူးပါ ယူသွားပါလို့ (ရေနွေးဖြည့်ထားတဲ့ ဗူးကိုကိုင်ပြီး) ပြောတယ်။ မန္တလေးကို တက်မှာ ဖြစ်တဲ့အကြောင်းနဲ့ တခါပဲသွားမှာမို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ရိုးရိုးရေသန့်ဗူးမှာ ရေနွေးကို ထဲ့ယူလာတယ်။ သောက်လို့ကောင်းလိုက်တဲ့ လက်ဖက်ရည်ကြမ်းရယ်။ 

       ဓနုတို့ စကားသံက ၀ဲတယ်။ လမ်းမှာ တွေ့တဲ့ ရွာသားတွေ (ကျောင်းဆရာမပါမကျန်) ကို လမ်းမေးရင် သူတို့ စကားသံ ၀ဲဝဲလေးနဲ့ ၃-၄ မိုင်ခရီးကိုလည်း အရမ်းဝေးတယ်လို့ ပြောကြတယ်။ သူတို့ ပြောတာလည်း ဟုတ်နေပြန်တယ်။ တနေရာနဲ့ တနေရာ ၇ မိုင် ၈ မိုင်ဆိုပေမယ့် ကားနဲ့ တောင် တော်တော်ကြာ မောင်းရပါတယ်။ လမ်းတွေကလည်း ကားတစီးခွဲစာပဲ ဖောက်ထားတဲ့ လမ်းတွေမို့ ကားနှစ်စီးယှဉ်လာရင် တဖက်က အောက်ချ ရပ်ကိုရပ်ပေးရတာကြောင့် ခရီးတွေလေးဖင့်ရတာပ။ အောင်ပန်း-ရွာငံ-ဟန်မြင့်မိုရ်ကို မိုင် ၈၀ လောက်ပဲ ဝေးပေမယ့် တောင်လမ်းမို့ ၆ နာရီကျော်လောက် ကြာအောင် သွားရတယ်။ ဟန်မြင့်မိုရ်ဆိုတာလည်း စိန်တလုံး သရက်တွေ လှိုင်လှိုင်ထွက်တဲ့ ဒေသပေါ့။ ကိုယ်သွားတဲ့အချိန်ကတော့ သီးနှံရာသီချိန်မဟုတ်လို့ မမြင်ခဲ့ရ။ ဒီလမ်းကို သွားဖူးသူ မောင်ငယ်လေးက ဒီဇင်ဘာဆို ပန်းတွေပွင့်ချိန် စိုက်ခင်းထဲက ရောင်စုံအလှက ဒီထက် ပိုလှပါသေးသတဲ့။ ကျမတို့သွားတာ အောက်တိုဘာဆိုတော့ ဆောင်းမရောက်ခင် စပ်ကူးမတ်ကူးကာလ။ တနေ့ခရီးဆိုပေမယ့် ရွာငံမြို့ရဲ့ ရှုခင်းကြည့်ရတာနဲ့တင် စိတ်လက်ပေါ့ပါးခဲ့ရတဲ့ road trip တခုပါပဲ။ 

ကေဇီလင်း
အားလပ်ရက်အမှတ်တရ (အောက်တိုဘာ ၂၀၁၄)



Monday, December 31, 2012

နှစ်ဆယ် ဆယ့်သုံး သို့



နက်ပြာပြာ ကောင်းကင်ထက်မှာ မီးပုံးအနီစက်လေးတွေ ပျံတက်နေတာ ပွဲတော်ညတိုင်း တွေ့ရတတ်တဲ့ ဇင်းမယ် ခေါ် ချင်းမိုင်မြို့ရဲ့ သင်္ကေတ။ ဒီညမှာ တိမ်တွေလွှမ်းပြီး ဆုတ်စလမင်းကို မတွေ့ရဘူး။ လေတသွေ့သွေ့မှာ မီးရှုး မီးပန်းဖောက်သံက ဟိုတစ ဒီတစ၊ ည ၁၂ နာရီမတိုင်ခင်တော့ အသံတွေ ဆက်တိုက်မလာသေး။ တအုန်းအုန်းနဲ့ ယမ်းဖောက်သံကလည်း ဒီမြို့ရဲ့ သင်္ကေတ နောက်တခုပါပဲ။ 

မကြာခင် နာရီပိုင်းအတွင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးတော့မယ်။ အထီးကျန် အဖြစ်ရဆုံး အလွမ်းရဆုံး ညလေးတညအဖြစ် ကိုယ့်သမိုင်းမှာ ကျန်ရစ်မယ့်ည။ နှစ်စဉ်တိုင်း နှစ်သစ်ကူးညကို နယ်စပ်မြို့ မဲဆောက်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတယ်။ ဒီနှစ်တော့ ရင်သွေးငယ်နဲ့ နှစ်ကိုယ်တည်း အပြင်ကို လွမ်းငေးငေး၊ ရင်တွင်း အမှာစကားတွေ ဆောင်ကြဉ်းပေးမယ့် ဖိုးလမင်းကိုလည်း တိမ်တောင်တွေ ကာရံထားလေရဲ့။ 

ကုန်ခဲ့တဲ့ တနှစ်လုံး ပြန်ကြည့်လိုက်တော့ ပြေးပြေးလွှားလွှား ဘ၀ပုံရိပ်တွေ။ မောတခါ နွမ်းတလှည့်။ ခင်ပွန်းတလှည့် ကိုယ်တလှည့် သားကို အလှည့်ကျ ကြည့်ကြရပေမယ့် ထူးထူးခြားခြားနေ့ရက်တွေမှာ မိသားတစု ပြန်ဆုံဖို့ ကြိုးစား ခဲ့ကြမြဲ။ ဒီနှစ်တော့ … နှစ်သစ်မှာ ချစ်ရသောသူနဲ့ ဝေးနေတဲ့မိတ်ဆွေတွေကို သတိတရစွာနဲ့ ဇင်းမယ်ရဲ့ နှစ်သစ်ကူးပွဲ ပုံရိပ်ကလေးတွေ မျှဝေခံစားရအောင်နော်။ ကပေါ်က ထိပ်ဆုံးနှစ်သစ်ကူးပွဲတွေမှာ ပါဝင်လေ့ရှိတဲ့ ဇင်းမယ်ပွဲပေါ့။ 

နှစ်သစ်မှာ မိတ်ဆွေအပေါင်း ဘေးဘယာကင်းကွာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
မြန်မာပြည်သူပြည်သားများလည်း စစ်မီးအနရာယ်အသွယ်သွယ်က အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆနပြုရင်း.....
 
HAPPY NEW YEAR 2013!!!



ပုသိမ်ထီးကလေးတွေ အစီအရီနဲ့ ဈေးတန်းအဝ

ပွဲဈေးတန်းက ထိုင်းအစားအစာ - ဖက်ထိုင်း -
မှိုကင် (Grilled Mushrooms) တဲ့၊ မှိုသေးသေးလေးတွေကို အသားပြားနဲ့ ကပ်ပြီး ထုတ်ထိုးကင်ထားတာ။

ပို့စ်ကတ်ဆိုင်နဲ့အတူ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူတွေဆီ ပို့စ်ကတ်လေးတွေ ချက်ချင်း ပို့ပေးနိုင်အောင် စာတိုက်ပုံးကလေးတွေ စီစဉ်ထားတယ်။

ကလေးကစားစရာ မီးပန်းအရုပ်ကလေးတွေ

AIS ဆင်းမ်ကတ် အရောင်းမြှင့်တင်နေသူတွေ

နှစ်သစ်ကူးည စင်တင် ဖျော်ဖြေပွဲ

Monday, April 12, 2010

ရွှေရင်အေး



လူကိုယ်တိုင် လာမသောက်ဖြစ်လိုက်တဲ့သူတွေအတွက် ရွှေရင်အေး အေးအေးလေး တင်ပေးလိုက်ပါနော်။ မနေ့တုန်း မုန့်လက်ဆောင်းအေးအေးလေးလုပ်မယ်လို့ ပြောလိုက်တာက တကယ်တော့ ရွှေရင်အေးလုပ်ဖို့ပါ။ ရွှေရင်အေးထဲမှာ ထဲ့တဲ့ မုန့်လက်ဆောင်းဖတ်ကလွဲ၍ အားလုံး ကိုယ်တိုင်ပဲ လုပ်ပါတယ်။ နွေသင်္ကြန် နေပူပူမှာ အားလုံးရင်ထဲ အေးမြပါစေ။ သင်္ကြန်မှာ အိမ်လွမ်းနေသူများရဲ့ ရင်မှာလည်း အေးချမ်းနိုင်ပါစေ။။

Sunday, April 11, 2010

အမှတ်တရနေ့
Look How Far We've Come! “ဧပြီလ ၁၂ ရက် (မနက်ဖြန်) ဆိုရင် ကျမတို့ရဲ့ မင်္ဂလာသက်တမ်း ၆ နှစ်ပြည့်ပြီလေ။ ချစ်ခင်ပွန်းနဲ့ သားလေးနဲ့အတူ အိမ်မှာပဲ မုန့်လက်ဆောင်းအေးအေးလေး တိုက်ကျွေးမယ်လေ။ ”
မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ။


Thursday, November 20, 2008

နေ့မြင်ညပျောက်

ကဗျာဆရာ ပွင့်သစ် (ကရိန်ကန်)။ ဘလော့ဂ်ဂါဖိုးဇေ။ မကဒတရဲဘော်မြင့်အောင်။ ရင်းနှီးသူအားလုံးကခေါ်ကြတဲ့ ကိုဂုရု နိုဝင်ဘာလ ၂၀ ရက်၊ ကြာသပတေးနေ့မနက် နာရီ ၂၀ မိနစ်တွင် မဲဆောက်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ ကိုဂုရုရဲ့ ရုပ်အလောင်းကို စနေနေ့မှာ အသုဘပို့ဆောင်မည် ဖြစ်ပါသည်။

….

မနေ့က ညနေ ၅ နာရီခွဲလောက်မှာပဲ ကျမအိမ်ရှေ့ကနေ သူ့ဇနီးကို ကဗျာဆရာမောင်လွမ်းဏီရဲ့အိမ်မှာ သူရှိနေမယ်ဆိုတဲ့အကြောင်း ပြောသွားသေးတယ်။ (သူ့ဇနီးက အိမ်ကို ညနေဆိုရင် လာလည်နေကျလေ။) ည ၇ နာရီလောက်ကျတော့ မူးလဲသွားလို့တဲ့ ဆေးရုံကို တင်လိုက်ရတယ်။ အဲဒီကတည်းက စပြီးသတိမရတော့တာပါ၊ သူ့ဇနီးကရင်မလေး ဆေးရုံကပြန်လာတော့ သတိမရသေးဘူးတဲ့၊ နောက် ၁၀ နာရီလောက်ကျတော့ တယောက်ကလာပြောတယ်။ စိတ်ကိုတင်းတင်းထားပါတဲ့။ ဦးနှောက်သွေးကြောပြတ်သွားတာတဲ့၊ မရတော့ဘူးတဲ့။ လက်မှတ်ထိုးရတော့မယ်တဲ့။

ကျမနဲ့သိတဲ့လူတယောက် ညနေခင်းကပဲ အကောင်းပကတိနဲ့ တွေ့လိုက်ရပါသေးတယ်။ အခု ဆေးရုံမှာ သတိမရတော့ဘူးဆိုတော့ ရင်ထဲမှာ ပြောမပြတတ်အောင်ကို အံ့သြတုန်လှုပ်မိတယ်။ လပိုင်းမျှသာပေါင်းသင်းရသေးတဲ့ ဇနီးသည်အတွက်လည်း ယူကျုံးမရ ခံစားမိသေးတယ်။ သူ့ဇနီးကရင်မလေးကတော့ တရှုံ့ရှုံ့နှင့် ငိုနေသည်။ သူကကျမတို့အိမ်မှာ လာအိပ်တယ်။ တညလုံးလည်း အိပ်မပျော်ကြပါဘူး။ မနက် ၂ နာရီလောက်ကျတော့ ဆေးရုံက ဖုန်းဆက်လာတယ်။ ဆုံးသွားပြီတဲ့။

ကျမနဲ့စပြီးရင်းနှီးတာကတော့ ဂုရုဆိုတဲ့ နာမည်နဲ့ပါပဲ။ စကားပြောရင် မပွင့်တပွင့်နဲ့ဖြစ်ပေမယ့် စာတွေ ကဗျာတွေ အရေးကောင်းတယ်။ ကိုဂုရုက လူတော်တယောက်ပါ။ သူမူးလာရင်တော့ ကျမတို့ကို ဘုဘောက်ပြောတတ်ပေမယ့် အမူးပြေသွားရင်တော့ သူမဟုတ်သလိုပါပဲ။ (ဘုဘောက်ပြောရန်ရှာရင်တော့ ကျမစိတ်တိုတာပေါ့လေ။ ) နောက်တရက်ကျရင် အကောင်း။ အရင်လိုပဲ ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ သူ့ကို ဘယ်လိုနားလည်းရမလဲ မသိဘူးလို့ ကျမ ခဏခဏပြောဖူးတယ်။ နောက်ပြီး သူမိန်းမမရခင်က သူကြိုက်တဲ့ ကောင်မလေးတွေအကြောင်းလည်း လာလာပြောဖူးတယ်။ အခုတော့ ကျမကို လာတိုင်ပင်မယ့်လူတယောက် လျော့သွားပြီလေ။

ကိုဂုရုတယောက် ကောင်းရာသုဂတိလားပါစေ။..