Friday, May 1, 2009

သီသီ

ဘလော့ဂ်လာလည်သူ၊ စာဖတ်သူအားလုံး မင်္ဂလာပါ။ ဒီအောက်ကစာလေးကတော့ ဖေဖော်ဝါရီလ ၂၀၀၉ ခုနှစ်ထုတ်တဲ့ ချိုးလင်းပြာ အမျိုးသမီးစာစောင်မှာ ရေးသားခဲ့တဲ့ ၀တ္တုတိုလေးကို ပြန်လည် တင်ပြလိုက်တာပါ။ ပထမဦးဆုံးရေးတဲ့ စာစုလေးမို့ လိုအပ်ချက်များရှိရင်လည်း ဖြည့်စွက်ဖတ်ရှုပေးကြပါနော်။ ဝေဖန်အကြံပြုချက်များလည်း ပေးနိုင်ပါတယ်။

--------------

သီသီ


မဲဆောက်ဈေးထဲမှာ အသက်မပြည့်တဲ့ကလေးတွေ ဈေးရောင်းနေတာ အများအပြားပဲ ရှိပါတယ်။ အထူးသဖြင့် သူတို့ဟာ ၁၀ နှစ်အောက်၊ ၁၀ နှစ်ဝန်းကျင်နဲ့ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ပါတယ်။ တချို့ကတော့ သူတို့မိဘနဲ့အတူ ကူရောင်းတာ၊ တချို့ကတော့ အငှားအလုပ်သမား။ သူတို့တွေဟာ ပန်းရောင်း ဟင်းရွက်ရောင်းတာမှအစ ဈေးဆိုင်အကူအဆုံးပါပဲ။ တချို့ကျတော့လည်း ဈေးလာဝယ်တဲ့လူတွေဆီမှာ လက်ကလေးတွေဖြန့်ပြီး ပိုက်ဆံတောင်းနေတဲ့ ကလေးမျိုးတွေလည်း ရှိတယ်။ အစုံစုံပါပဲ။


ဒီလိုကလေးတွေ ဈေးရောင်းနေတာကို မြင်ရတွေ့ရတိုင်း ကျမရင်ထဲမှာ မချမ်းမြေ့ပေမယ့် ကျမတို့က တဦးတယောက်တည်း ဒီအခြေအနေတွေ ပြောင်းလဲဖြစ်အောင်လုပ်ဖို့ မတတ်နိုင်ပါဘူး။ ဒီကလေးတွေထဲက တချို့ဟာ သူတို့မိသားစု စားဝတ်နေရေးအတွက် တစိတ်တပိုင်း သို့မဟုတ် အဓိက အရေးပါနေတဲ့သူတွေ ဖြစ်နေတာပါ။ ဒီအထဲမှာ ကျမနဲ့သိကျွမ်းခဲ့တဲ့ ကလေးမလေးတဦးရှိတယ်။ သူကတော့ ၁၄ နှစ်ဝန်းကျင်လောက်ရှိတဲ့ သီသီ။ ကြက်ကြော်ရောင်းတဲ့ဆိုင်က အလုပ်သမလေး။ ဈေးရောင်းလည်းကောင်း အပြောအဆိုလည်း သိမ်မွေ့တဲ့ သူနဲ့ကျမ မျက်မှန်းတန်းမိခဲ့တယ်။ ကျမမှာလည်း သီသီ့အရွယ် ညီမလေးတယောက်ရှိတယ်။ ကျမညီမလေးကတော့ ကျောင်းနေခွင့်ရတယ်။ သီသီက ကျမညီမလေးနဲ့ အသက်သိပ်မကွာတော့ "ငါ့ညီမလေးသာဆိုရင်" ဆိုတဲ့ အတွေးနဲ့ ကျမရင်ထဲမှာ မချိတင်ကဲ ခံစားမိပါတယ်။


သူနဲ့စကားပြောကြည့်ခဲ့တော့ သူက "သမီးက မောင်နှမထဲမှာ လေးယောက်မြောက်ပါ။ အဖေက သစ်ခုတ်တဲ့လုပ်ငန်းမှာ အလုပ်လုပ်တယ်။ တခါသွားရင် တလ၊ တလခွဲလောက်ကြာတယ်။ အမေကတော့ မောင်လေး ညီမလေးတွေနဲ့ အိမ်မှာပဲ။ သီသီ့အကိုကတော့ ကော့ကရိတ်မှာ အလုပ်လုပ်သွားရင်း ဆုံးသွားခဲ့တာ လေးနှစ်လောက်ရှိပြီ။ အမအကြီးကတော့ အိမ်ထောင်နဲ့။ သူ့ကလေးနဲ့။ အမအလတ်က မဲဆောက်က စက်ရုံတခုမှာ အလုပ်လုပ်တယ်။"


သီသီဟာ ဒီကြက်ကြော်ဆိုင်လေးမှာ အလုပ်မရခင်က တံတားမှာ ကုန်ထမ်းတဲ့အလုပ်ကိုလည်း သုံးနှစ်လောက် လုပ်ခဲ့ဘူးတယ်။ ကျောင်းဘယ်နှတန်းအထိ နေဖူးလဲမေးတော့ "ပထမတန်းသာ တက်ဖူးတယ်။ အကိုဆုံးပြီးကတည်းက သီသီ့ အဖေရယ် အမေရယ် မောင်နှမတွေရယ် မြ၀တီကို တက်လာခဲ့တာ။" အဲဒီအချိန်ကတည်းက သူကလေး ကျောင်းမနေခဲ့ရတာ။ သူတို့မိသားစု မြ၀တီမြို့ရဲ့ ကွက်သစ်တခုမှာ မြေလေးငှား ကြမ်းခင်း ဖက်မိုးအိမ်လေးဆောက်ပြီး နေခဲ့တာ။ သီသီရဲ့ မိသားစုက အဖေပြန်မလာခင်နဲ့ လမကုန်ခင်ကြားမှာ သီသီရဲ့ ၀င်ငွေလေးနဲ့ စားသောက်ရတယ်။


အခု ဒီမှာ သီသီက နေစရိတ် စားစရိတ်အပြီးကို တလကို ဘတ်တထောင်ရတယ်။ သီသီမဲဆောက်မှာ အလုပ်ဝင်ကတည်းကဆိုရင် သုံးလလောက်ရှိပြီ။ သီသီအမိုးကတော့ ရိုးတယ်။ ဘာမှမလုပ်တတ်ဘူး။ ကလေးကလည်း များတယ်။ စုစုပေါင်းရှစ်ယောက်မွေးတာ။ အငယ်လေး ၄ ယောက်မှာ တယောက်က ၆ နှစ်။ အမြွာကလေးလေးတွေက ၄ နှစ်စီ နဲ့ အငယ်ဆုံးက ခြောက်လပဲ ရှိသေးတယ်။ သီသီဟာ အဲဒီမောင်ငယ်လေးတွေအတွက် အလုပ်လုပ်ပြီး မိသားစု စားဝတ်နေရေးကို တဖက်တလမ်းက ကူပေးနေတာ။


သီသီက "သူဌေးက ကောင်းတယ်လို့လည်း မဟုတ်ဘူး။ အရမ်းကြီးဆိုးတာလည်း မဟုတ်ပါဘူး။ လုပ်ခလစာ ပုံမှန်ရတော့ သဘောကောင်းတယ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့်အမရယ် ဆိုင်ရှင်ရဲ့ ယောက်ျားကြီးက သဘောဆိုးတယ်။ အမြဲမူးနေတာ။ သူဌေးမလစ်ရင် ဟိုပုတ်ဒီပုတ်လုပ်တတ်တယ်။ သီသီ ညအိပ်ရင်တောင် မရဲဘူး။ သီသီကတော့ အမိုးတို့နဲ့အတူ ပြန်နေပြီး မနက်လာ ညနေပြန်လို့ရရင် သိပ်ကောင်းမှာပဲ အမြဲစဉ်းစားတယ်။ ဒါပေမယ့်လည်း အဲလိုလုပ်ရင် သီသီရတဲ့ငွေက လမ်းစရိတ်နဲ့တင် ကုန်မှာပေါ့။ " လို့ ကျမကို ပြန်ပြောပြတယ်။


တနေ့ သူ့တို့ဆီမှာ ကြက်ကြော်ဝယ်နေတုန်း သီသီနဲ့ စကားပြောနေတဲ့ အသက်သုံးဆယ်ဝန်းကျင် အသားညိုညို အမျိုးသမီးတယောက်ကို တွေ့တော့ သီသီက "ဒါ ကျမတို့ အိမ်နားက အဒေါ်ပါ။ ဒေါ်ပြုံးတဲ့။ ဒီအဒေါ်က မဲဆောက်ကို မကြာမကြာ လာတယ်။ သမီးတို့မိသားစုကိုလည်း အများကြီး အကူအညီပေးတယ်" လို့ ပြောပြတယ်။


နောက် တလလောက်ကြာတော့ ကျမလည်း မြင်နေကျ ဒီကြက်ကြော်ဆိုင်လေးမှာ သီသီ့ကို မတွေ့ရဘူး။ ဘာဖြစ်လို့လဲ။ နေများ မကောင်းလို့လား၊ အိမ်တွေဘာတွေ ပြန်လို့လား ဒါမှမဟုတ် အလုပ်ပြောင်းသွားတာလားလို့ ကျမ ထင်ခဲ့တယ်။ နောက်ရက်တွေ ဈေးသွားတော့လည်း သီသီလေးကို မတွေ့ဘူး။ ကျမလည်း သူအဲဒီဆိုင်မှာ မလုပ်တော့ဘူးလို့ပဲ ထင်လိုက်တယ်။


တနေ့တော့ ကျမနေ့လည်ခင်းချိန်မှာ ၀ယ်စရာရှိတာနဲ့ ဈေးကို ရောက်ခဲ့တယ်။ အဲဒီအချိန်က နေကလည်း ပူလိုက်တာလွန်ရော။ ကျမလည်း မထင်မှတ်ပဲ ဒေါ်ပြုံးဆိုတဲ့ အမနဲ့ဆုံမိတယ်။ မပြုံးက သူနဲ့အတူ ပါလာတဲ့ လေးဆယ်ဝန်းကျင် အမျိုးသမီးတဦးကို သီသီရဲ့ အမိုးလို့ မိတ်ဆက်ပေးတယ်။ သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာတွေက မောဟိုက်နွမ်းလျနေတာ သတိထားမိတယ်။


ကျမက "သီသီရော ဆိုင်မှာအလုပ်မလုပ်တော့ဘူးလား"လို့ မေးတော့ မပြုံးက "ညီမ မသိသေးဘူးလား။ သီသီ လွတ်လပ်ရေးနေ့ကပဲ ဆုံးသွားပြီ" တဲ့။ မပြုံးစကားကို ကြားလိုက်ချင်းမှာ ကျမရင်ထဲ စို့သွားခဲ့တယ်။ အံ့လည်း အံ့သြသွားခဲ့တယ်။ သူဘာဆက်ပြောလဲဆိုတာ မကြားတော့ဘူး။ သူကလည်း ဆက်ရှင်းပြတယ်။ ဒါနဲ့ နောက်တခေါက် ပြန်မေးယူရတယ်။


မပြုံးက "ဈေးရောင်းအပြီး ဆိုင်ရှင်မိန်းမနဲ့အတူ ဆိုင်ကယ်နဲ့ပြန်ချိန်မှာ ဆိုင်ကယ်တိုက်မိလို့ ပွဲချင်းပြီး သေသွားတာ။ သူတို့ဆိုင်ကယ်ကို တခြားဆိုင်ကယ်က ၀င်တိုက်တာ။ တိုက်တဲ့ကလေးတွေက ငယ်တယ်။ ထိုင်းက အရာရှိတဦးဦးရဲ့ သားလို့ပြောတယ်။ အလုပ်ရှင်ကတော့ နံရိုးပဲ ကျိုးသွားတယ်။ သီသီက ဆေးရုံရောက်ပြီးကတည်းက အသက်မရှိတော့တာ။ အခုက တရားရုံးမှာ သူ့ရဲ့အမှုကို လျော်ကြေးရအောင်လို့ လိုက်နေတာ။ တိုက်တဲ့လူတွေကတော့ လျော်ကြေးပေးဖို့ အလားအလာရှိတယ့်။ ဒါပေမယ့် ဆိုင်ရှင်ရဲ့အမျိုးတွေက လိုက်ကန့်ကွက်နေလို့ နည်းနည်းခက်နေတယ်။ အမိုးကလည်း ရုံးကနားကိစ္စတွေ သိပ်နားမလည်ဘူး။ အဲဒါ အမ လိုက်ကူညီပေးတာ။ သီသီဆိုတာ ကိုယ့်ညီမလေးလိုပဲ။ ခုလည်း ရုံးချိန်းရှိလို့ သွားလိုက်ဦးမယ်" ဆိုပြီး ခပ်မြန်မြန်ပဲ ထွက်သွားတယ်။


ကျမလည်း မပြုံးနဲ့ အမိုးရဲ့ ကျောပြင်ကို ကြည့်ရင်း တွေကျန်ရစ်ခဲ့တယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့မျက်နှာပေါ်မှာ သောကရိပ်တွေနဲ့ နွမ်းနွယ်နေတာပေါ့။


ကျမရင်ထဲ ဖော်မပြတတ်လောက်အောင် စို့နင့်ခံစားမိခဲ့တယ်။ ဆွေမျိုးမတော်စပ်ပေမယ့် ကိုယ့်ညီမလေးနဲ့နှိုင်းယှဉ်ရင်း ကရုဏာသက်နေမိတဲ့ ကျမအဖို့ သီသီနဲ့ သိကျွမ်းခဲ့ရတာ အိပ်မက်လိုပါပဲ။ သူမရှိတော့ရင် သူ့မိသားစုကို တဖက်တလမ်းက ထောက်ပံ့ပေးမယ့်သူတယောက် မရှိတော့ဘူး။ ကျန်တဲ့ ကလေးတွေအတွက်တော့ အားကိုးရတဲ့ အမတယောက် ဆုံးရှုံးရပြီပေါ့။


အိမ်ပြန်ရောက်တဲ့အထိ သီသီအကြောင်းကို စိတ်ထဲက နှုတ်လို့မရဖြစ်နေခဲ့တယ်။ မဲဆောက်မှာနေတာ ဆယ်စုနှစ် တ၀က်ကျိုးလာတော့ ထိုင်းမှာရောက်တဲ့ မြန်မာရွေှ့ပြောင်းအလုပ်သမားတွေ နည်းမျိုးစုံနဲ့ ဘ၀ဆုံးတာ၊ အကြမ်းဖက်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေကို မကြားချင်အဆုံး ကြားနေရတယ်။ ဒီကလေးမလေးလိုပဲ မိသားစုကို ကူညီပေးနေရပြီး ပုံစံမျိုးစုံနဲ့ ဘ၀ဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်လေးတွေ အများအပြား ရှိနေတယ်။ တချို့ဆို သူတို့မိသားစုကို ကူညီပေးချင်လွန်းပြီး အလုပ်ရှာရင်းနဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတာ။ မိဘနဲ့ အဆက်အသွယ်မရဘဲ လှောင်ပိတ်ထားခံရပြီး အလုပ်စေခိုင်းခံရတာ။ အမျိုးသမီးဖြစ်တဲ့အတွက် အလုပ်ခွင်တွေမှာ လုံခြုံမှုမရှိတာ။ မိသားစုအတွက် ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်လေးတွေ အဓမကျင့် သတ်ဖြတ်ခံရတွေ ထိုင်းမှာအမြဲဖြစ်နေတယ်။ ကျမတို့ မြန်မာပြည်သားတွေက ထိုင်းနိုင်ငံမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်သူတွေဖြစ်တာကြောင့် ဒီလိုမတရားမှုတွေ ကြုံလာတဲ့အခါ တရားမျှတဆိုတာ မရှိပါဘူး။ ဒီလိုအဖြစ်ဆိုးတွေ ကြုံရတာက မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါး၊ လူသားတယောက်ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အကာအကွယ်ပေးမှုတွေ မရှိလို့ပါ။ လွတ်လပ်ပြီး မလွတ်လပ်သေးတဲ့ ကျမတို့မြန်မာပြည်ရဲ့  ၆၁ နှစ်ပြည့်တဲ့ လွတ်လပ်ရေးနေ့မှာပဲ ကျမသိတဲ့ မြန်မာနိုင်ငံသူ အမျိုးသမီးငယ်လေးတယောက် တိုင်းတပါးမှာ ကြွေချိန်မတန်ပဲ ကြွေခဲ့ရတာ ကျမအတွက်တော့ မေ့မရနိုင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။


ကေဇီလင်း

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

………..