Friday, October 14, 2011

လပြည့်နေ့၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မဝေးတော့တဲ့ အထုပ္ပတိ ရုပ်ရှင်?

ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှာတော့ နှစ်တိုင်းပြုလုပ်နေကျ ဘုရားသွားတာ၊ ကုသိုလ်ယူတာတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့မှာ မြန်မာအစိုးရသစ်က ဒုတိယအကြိမ် အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်များ ပါလာမလဲလို့ သိချင်စိတ်နဲ့ သိသိသမျှ ဖုန်းတွေ လိုက်ဆက်၊ ချက်တင်ကလည်း မပြတ်ဘဲ မေးနေမိတော့ လပြည့်နေ့အတွက် လုပ်လေ့ရှိတဲ့ ဘုရားကျောင်းသွား သီလယူတွေလည်း လုပ်ဖို့ မအားလပ်ခဲ့ပါဘူး။ ပထမဦးဆုံး လွတ်မြောက်လာတဲ့အကျဉ်းသားတွေထဲက စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ ဇာဂနာ လွတ်လာတာကို ကြားသိရပြီး ဆက်တိုက်ဆိုလို တခြားယုံကြည်ချက်ကြောင့် ကျခံနေရသူတချို့လည်း လွတ်မြောက်လာတာ ကြားရပါတယ်။ ဇာဂနာနဲ့ အင်တာဗျူးတွေမှာ ပြည်သူတွေကို စစချင်းပြောလိုက်တဲ့ထဲမှာ အစိုးရသစ်အပေါ် ဝေဖန်ထောက်ပြမှုတွေ စတင်လာသလို ပြည်သူတွေကိုလည်း ‘ဇာဂနာ ပြန်လာပါပြီ’ တဲ့။
နောက် ၂၄ နာရီအတွင်းမှာလည်း မီဒီယာမျိုးစုံက အကြောင်းအရာအစုံကို (ဦး) ဇာဂနာကို မေးမြန်းကြ၊ သတင်းဝက်ဆိုက်တွေ လူမှုကွန်ယက်ဆိုက်တွေမှာ ဖော်ပြကြတာ ဖတ်ရပါတယ်။ တော်တော်လေးလည်း စုံလင်လှပါတယ်။ အဲဒီလို ဖတ်နေရင်းက ကျမအတွေးထဲ သတိရလိုက်တာက ဦးသူရ အဖမ်းမခံရခင် အင်တာဗျူးတခု ဖတ်ခဲ့ရဲတဲ့ သူ ဇာတ်ညွှန်းရေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတိ ရုပ်ရှင်ကို တနှစ် နှစ်နှစ်အတွင်း ပြီးအောင် ရိုက်ချင်တယ်၊ ဥရောပက ရုပ်ရှင် ကုမဏီတွေကလည်း ကမ်းလှမ်းထားတာ ရှိထားတယ်ဆိုတာ သွားအမှတ်ရလိုက်တော့ ကျမတို့ မျှော်လင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရသရုပ်ရှင်ကို မကြာခင်နှစ်အတွင်း ကြည့်ရဖို့ သေချာသွားပြီလို့ မှတ်ယူလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်း ဇာတ်ညွှန်းရုပ်ရှင် ရေးထားပြီးပီလို့ သတင်းတွေကနေ သိထားရတော့ ရုပ်ရှင် အဖြစ် ကြည့်ရဖို့ မဝေးတော့ဘူးလို့ မျှော်လင့်လို့ရမှာပေါ့နော်။ ဘယ်တော့များ ဒီရုပ်ရှင်ကို စရိုက်မှာပါလိမ့်။ ....

ဆိုနီယာဂန္ဒီ (သို့မဟုတ်) သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး

အိနိယနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမား ဆိုနီယာဂနီ (အင်ဒီရာဂနီရဲ့ ချွေးမ၊ ၁၉၉၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရာဂျစ်ဂနီရဲ့ ဇနီး) ကို နိုင်ငံရေးအရ ထောက်ခံသူတွေ ဝေဖန်သူတွေ ရှိနေပေမယ့် အီကိုနောမစ် မဂ္ဂဇင်းကတော့ သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး လို့ခေါင်းစဉ်တပ်ပြီး ဖော်ပြထားပါတယ်။ အိနိယနိုင်ငံရဲ့ ကွန်ကရက်ပါတီရဲ့ လက်ရှိသမတ ဆိုနီယာဂနီရဲ့ အကြောင်း စာအုပ်ကို စာရေးဆရာမ သတင်းထောက် ရာနီဆင်း က ရေးသားထုတ်ဝေလိုက်ပြီး အိနိယ နိုင်ငံရေးသမား တဦးဖြစ်တဲ့ ဆိုနီယာရဲ့ အောင်မြင်မှု၊ ဂနီမိသားစုရဲ့သမိုင်း တွေကို ဖော်ထုတ်ရေးသားထားပေမယ့် စာအုပ်မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အီကိုနောမစ် မဂ္ဂဇင်းက ရေးသားထားပါတယ်။ ရာနီဆင်းရဲ့ ’ Sonia Gandhi: An Extraordinary Life, An Indian Destiny” စာအုပ်ဟာ နိုင်ငံတကာ ဈေးကွက်မှာ ပထမဆုံး စာအုပ်ဖြစ်ပါတယ်တဲ့။

ရည်ညွှန်း http://www.economist.com/node/21532255?fsrc=scn/fb/wl/ar/ironlady

Saturday, August 20, 2011


အကြောင်းအမျိုးမျိုးကြောင့် (အချိန်ဆွဲမိခြင်း၊ ပို့စ်ရေးပြီးမှ အချိန်လွန်သွားသဖြင့် မတင်ဖြစ်တော့ခြင်း နှင့် အခြားအခြားသော အခက်အခဲများကြောင့်) တနှစ် ၂ လနဲ့ ၁ ပတ်တိတိ ပစ်ထားခဲ့မိသော ကျမဘလော့လေးအား ဒီကနေ့မှစကာ ဖုန်သုတ် မွန်းမံမယ်လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်ပါပြီ။

လာလည်သူအားလုံးကို ကျေးဇူးတင်လျက်။
ကေဇီလင်း

ကိုယ်ဝန်ဆောင်မိခင်များ ငါးကြီးဆီစားရင် သန္ဓေသား ကျန်းမာစေသတဲ့။

အိုမီဂါ ၃ အများအပြားပါဝင်တဲ့ ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်လည်း အလွန်ပင်ကောင်းပါတယ်တဲ့။ ရင်သွေးငယ်တွေအတွက် ပထမဆုံး အားဆေးလို့တောင် ပြောရမလားလို့ မူရင်းစာရေးသူ အဲလက်စ်ပါ့ (Alice Park) က သူ့ရဲ့ ကျန်းမာရေးဆောင်းပါးမှာ ရေးထားပါတယ်။ ဖတ်မိသမျှ တိုင်းမဂ္ဂဇင်းထဲက ကောင်းနိုးရာရာလေးတွေ တတ်သလောက်လေး ဘာသာပြန်ပြီး မျှဝေပေးလိုက်တာပါ။

ကိုယ်ဝန်ဆောင်မိခင်တဦး ပြုမှုသမျှဟာ သူ့ကလေးကျန်းမာရေးကို ထိခိုက်ပါတယ်။ အဲဒီအထဲမှာ နေ့စဉ် အားဖြည့်ဆေး သောက်တာလည်းပါဝင်ပါတယ်။ လေ့လာမှုသစ်တခုအရတော့ ငါးကြီးဆီဆေးလုံး သောက်ပေးတဲ့ မိခင်ကမွေးတဲ့ ကလေးတွေဟာ ၀မ်းဗိုက်အတွင်းရှိစဉ်မှာပဲ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်လို့ တွေ့ရှိရပါတယ်။ အဲဒီသုတေသန ပြုချက်က ကိုယ်ဝန်ဆောင်မိခင် ၁၀၀၀ ကို ဒီအိပ်ခ်ျအေ၊ အိုမီဂါ ၃ အဆီ အများဆုံးပါဝင်တဲ့ ငါးကြီးဆီ၊ သို့မဟုတ် placebo ကုထုံးပါတဲ့ နေ့စဉ်ခွန်အားဖြည့်ဆေးတွေ တိုက်ကျွေးပါတယ်။

အဲဒီနောက် ကလေးမွေးပြီးတဲ့အခါကျတော့ ကလေးအသက် ၁ လ၊ ၃ လ နဲ့ ၆ လတွေမှာ ကလေးရဲ့ ကျန်းမာရေးကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အဆင့်တိုင်းမှာ ငါးကြီးဆီစားသုံးတဲ့ မိခင်တွေရဲ့ ကလေးက ငါးကြီးဆီမစားတဲ့မိခင်တွေရဲ့ ကလေးတွေထက် ပိုကျန်းမာပါတယ်။ ၁ လသားအရွယ်ကလေးတွေကို စစ်ဆေးချက်မှာ ချောင်းဆိုး၊ နှာစေး၊ နှာရည်ယိုစတဲ့ အအေးပတ်တာမျိုးဖြစ်ခြင်းဟာ ၂၄ ရာခိုင်နှုန်းပိုနည်းပြီး ၃ လသားအရွယ်ကလေးတွေမှာတော့ ဖျားနာမှု ၁၄ ရာခိုင်နှုန်းနည်းတယ်လို့ ဆိုပါတယ်။ ၆ လသားအရွယ် စစ်ဆေးချက်မှာတော့ ဒီအိပ်ခ်ျအေ စားသုံးတဲ့မိခင်ရဲ့ ကလေးဟာ placebo သုံးတဲ့မိခင်ရဲ့ ကလေးတွေလိုပဲ အအေးပတ် လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပေမယ့် ကြာကြာတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။

ငါးကြီးဆီစားသုံးတဲ့အတွက် မိခင်ဝမ်းအတွင်းမှာကတည်းက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက် တဲ့ ရောဂါခုခံကာကွယ်တဲ့ဆဲလ်စနစ်တွေ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ အဲဒီလေ့လာမှုမှာ မိခင်တွေကို သနေသား ၁၈ ပတ် ကနေ ၂၂ ပတ် ကာလအထိ DHA ၄၀၀ မီလီဂရမ် တိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သာမာန် အမေရိကန်အမျိုးသမီးတဦး စားသုံးတဲ့ နှုန်းထက် ထက်ဝက် ပိုများနေတာလည်း တွေ့ရပါတယ်။

ရည်ညွှန်း - TIME magazine, Vol. 178, No. 6, 2011 (August 15)