Saturday, November 14, 2009

လပေါ်မှာ ရေရှာတွေ့ခြင်း

လပေါ်မှာ ရေရှာတွေ့ရှိခြင်း

သိပ္မံပညာရှင်တွေဟာ လပေါ်မှာ ရေရှာဖွေမှုလုပ်ဆောင်တာဟာ အောင်မြင်စွာ တွေ့ရှိခဲ့ပါပြီ။ Significant water found on Moon (BBC). နာဆာအဖွဲ့ အကြီးအကဲက ယခု တွေ့ရှိချက်ဟာ သောက်ရေသန့်အဖြစ်တောင် သောက်သုံးလို့ရနိုင်မယ်လို့ နိုဝင်ဘာလ ၁၃ ရက် ၂၀၀၉ မှာ ပြောပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှုကြောင့် တချို့ဒေသတွေမှာ မိုးရွာသွန်းမှု မညီမျှတာတွေ။ ရေကြီးတာတွေကြောင့် ရေရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ဖို့ ရေချွေတာသုံးစွဲမှု၊ ရေလှောင်ကန်တွေ ပြုလုပ်ပြီး ရေကို ရေရှည်သုံးစွဲနိုင်အောင် ပြုလုပ်နေရတဲ့အချိန်မှာ လပေါ်က ရေပမာဏအတော်များများ ရှာတွေ့မှုက သတင်းကောင်းတခုပါပဲ။ 1998 မတ်လကတည်းက လပေါ်မှာ ရေခဲတွေ့ရှိခဲ့တဲ့ အချိန်ကတည်းက နောက်လာမည့် နှစ်တွေအတွင်းမှာ လပေါ်ကနေ ရေရရှိလိမ့်မယ်လို့ ယုံကြည်ပြီး လေ့လာမှုတွေ ဆက်လုပ်နေခဲ့တာပါ။ အဲဒီအချိန်က ခန့်မှန်းချက်တွေကတော့ လပေါ်မှာ ရေရှိရင် စိုက်ပျိုးရေး၊ သောက်သုံးရေနဲ့ ရော့ကဒ်လောင်စာဆီအဖြစ် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ အခုတော့ တကယ်ပဲ ရေရှိနေပါပြီ။ တချိန်မှာ လူတွေ လပေါ်မှာ သွားရောက် နေထိုင်နိုင်တော့မှာပါလား?????

ရည်ညွန်း
ဘီဘီစီသတင်း
http://news.bbc.co.uk/2/hi/science/nature/8359744.stm
http://news.bbc.co.uk/2/hi/science/nature/62348.stm

Wednesday, November 11, 2009

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြား
NEJ /
၁၀ နိုဝင်ဘာ ၂၀၀၉


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် သံတမန်များနှင့် ဆွေးနွေးပြောဆိုမှု သည် အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့နှင့် တွေ့ဆုံခွင့်ပေးခဲ့သည့် စစ်အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ၎င်း၏အကျိုးဆောင် ရှေ့နေ (၄) ဦးနှင့် ယမန်နေ့၌ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ရှေ့နေဦးဉာဏ်ဝင်းက ကျနော်တို့ အဓိကကတော့ တရားရုံးချုပ်ကိုတင်ဖို့ နောက်ဆုံးဆွေးနွေးအတည်ပြုတယ်။ နောက်ပိုင်းတော့ ကျနော်တို့ မစ္စတာ ကာ့တ်ကမ်ဘဲလ်တို့ လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာ ကမ်ဘဲလ်တို့နဲ့ ဆွေးနွေးတဲ့အချက်တွေကိုတော့ သူလုံးဝမပြောဘူး။ ဆွေးနွေးရတဲ့အခြေအနေကို ပြောပါတယ်။ ဆွေးနွေးရတာကောင်းတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦးစလုံးကလည်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ စေတနာလည်းထားတယ်။ ရှေ့ဆက်ပြီးတော့ အကျိုးရှိနိုင်တယ်၊ အလုပ်လုပ်လို့ ကောင်းတယ်၊ စေတနာထားတဲ့လူတွေဖြစ်တယ်ဆိုတာ သူပြောတယ်။ ဒီလိုဆွေးနွေးရအောင် တွေ့ဆုံလို့ရအောင် ခွင့်ပြုခဲ့တဲ့ ဒီအစိုးရကိုလည်း ကျေးဇူးတင်ကြောင်းကိုလည်း ပြောပါတယ်ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် (၁၈) လ ထပ်မံချထားခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ (၂) ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၊ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့နှင့် ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ (၂) နာရီကြာခန့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ထိုနေ့တွင်ပင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့တွေ့တာမှာလည်း ဘာတွေဆွေးနွေးလည်းဆိုတာကို မေးလို့ ကျနော်က ဆွေးနွေးချက်လေးတွေ ပြန်ပြောပြတယ်။ သူနားထောင်ပါတယ်၊ ဘာမှမပြောပါဘူးဟု ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု မြန်မာနိုင်ငံအပေါ် ထားရှိမည့် ပေါ်လစီသစ်တရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုများ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းသို့ မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် လာရောက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့်ရော အတိုက်အခံများနှင့်ပါ တွေ့ဆုံပြီးနောက်ပိုင်းတွင် ယခုလ (၁၅) ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားက အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းခံမည်ဟု ပြောဆိုကြောင်း ထိပ်တန်း အုပ်ချုပ်ရေးအရာရှိတဦးကို ကိုးကားပြီး ယနေ့ထုတ် The Straits Times သတင်းတွင်ပါရှိသည်။

သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သည့် အမေရိကန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်ကလည်း အေပက်ညီလာခံသို့ ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း ဦးမင်းလွင်က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက သူ့ကို မကြာခင်လွှတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ သူ့ပါတီကို စုစည်းနိုင်ပါတယ်ဟု ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့မှုအပေါ် အန်အယ်လ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းက အဲဒီလို အရိပ်လက္ခဏာလည်း ကျနော်တို့မတွေ့ဘူး။ ဒါပေမယ့် ဒီသတင်းဟာ မှန်ရင် ပိုကောင်းတယ်လို့ ဆုတောင်းနေရတာပေါ့ဟု ပြောကြားသည်။

၎င်းက ဆက်လက်ပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့မယ်ဆိုရင် အန်အယ်လ်ဒီပါတီအနေနဲ့ မိမိလုပ်ရမယ့် နိုင်ငံရေးတာဝန်တွေကို အပြည့်အ၀ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အခုဟာက လူတွေလည်း ထိန်းသိမ်းတယ်။ ရုံးတွေလည်း ပိတ်ထားတော့ အန်အယ်လ်ဒီဟာ မိမိဆောင်ရွက်ရမယ့်လုပ်ငန်း နိုင်ငံရေးတာဝန်ကို အကျေအလည် မဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိတယ်လေဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ဗဟိုတရားရုံးချုပ်တွင် အယူခံတင်ရန် လျှောက်လဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြီးသဖြင့် တပတ်အတွင်း ရုံးတင်ရန်ရှိသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။