Saturday, August 20, 2011


အကြောင်းအမျိုးမျိုးကြောင့် (အချိန်ဆွဲမိခြင်း၊ ပို့စ်ရေးပြီးမှ အချိန်လွန်သွားသဖြင့် မတင်ဖြစ်တော့ခြင်း နှင့် အခြားအခြားသော အခက်အခဲများကြောင့်) တနှစ် ၂ လနဲ့ ၁ ပတ်တိတိ ပစ်ထားခဲ့မိသော ကျမဘလော့လေးအား ဒီကနေ့မှစကာ ဖုန်သုတ် မွန်းမံမယ်လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်ပါပြီ။

လာလည်သူအားလုံးကို ကျေးဇူးတင်လျက်။
ကေဇီလင်း

ကိုယ်ဝန်ဆောင်မိခင်များ ငါးကြီးဆီစားရင် သန္ဓေသား ကျန်းမာစေသတဲ့။

အိုမီဂါ ၃ အများအပြားပါဝင်တဲ့ ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်လည်း အလွန်ပင်ကောင်းပါတယ်တဲ့။ ရင်သွေးငယ်တွေအတွက် ပထမဆုံး အားဆေးလို့တောင် ပြောရမလားလို့ မူရင်းစာရေးသူ အဲလက်စ်ပါ့ (Alice Park) က သူ့ရဲ့ ကျန်းမာရေးဆောင်းပါးမှာ ရေးထားပါတယ်။ ဖတ်မိသမျှ တိုင်းမဂ္ဂဇင်းထဲက ကောင်းနိုးရာရာလေးတွေ တတ်သလောက်လေး ဘာသာပြန်ပြီး မျှဝေပေးလိုက်တာပါ။

ကိုယ်ဝန်ဆောင်မိခင်တဦး ပြုမှုသမျှဟာ သူ့ကလေးကျန်းမာရေးကို ထိခိုက်ပါတယ်။ အဲဒီအထဲမှာ နေ့စဉ် အားဖြည့်ဆေး သောက်တာလည်းပါဝင်ပါတယ်။ လေ့လာမှုသစ်တခုအရတော့ ငါးကြီးဆီဆေးလုံး သောက်ပေးတဲ့ မိခင်ကမွေးတဲ့ ကလေးတွေဟာ ၀မ်းဗိုက်အတွင်းရှိစဉ်မှာပဲ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်လို့ တွေ့ရှိရပါတယ်။ အဲဒီသုတေသန ပြုချက်က ကိုယ်ဝန်ဆောင်မိခင် ၁၀၀၀ ကို ဒီအိပ်ခ်ျအေ၊ အိုမီဂါ ၃ အဆီ အများဆုံးပါဝင်တဲ့ ငါးကြီးဆီ၊ သို့မဟုတ် placebo ကုထုံးပါတဲ့ နေ့စဉ်ခွန်အားဖြည့်ဆေးတွေ တိုက်ကျွေးပါတယ်။

အဲဒီနောက် ကလေးမွေးပြီးတဲ့အခါကျတော့ ကလေးအသက် ၁ လ၊ ၃ လ နဲ့ ၆ လတွေမှာ ကလေးရဲ့ ကျန်းမာရေးကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အဆင့်တိုင်းမှာ ငါးကြီးဆီစားသုံးတဲ့ မိခင်တွေရဲ့ ကလေးက ငါးကြီးဆီမစားတဲ့မိခင်တွေရဲ့ ကလေးတွေထက် ပိုကျန်းမာပါတယ်။ ၁ လသားအရွယ်ကလေးတွေကို စစ်ဆေးချက်မှာ ချောင်းဆိုး၊ နှာစေး၊ နှာရည်ယိုစတဲ့ အအေးပတ်တာမျိုးဖြစ်ခြင်းဟာ ၂၄ ရာခိုင်နှုန်းပိုနည်းပြီး ၃ လသားအရွယ်ကလေးတွေမှာတော့ ဖျားနာမှု ၁၄ ရာခိုင်နှုန်းနည်းတယ်လို့ ဆိုပါတယ်။ ၆ လသားအရွယ် စစ်ဆေးချက်မှာတော့ ဒီအိပ်ခ်ျအေ စားသုံးတဲ့မိခင်ရဲ့ ကလေးဟာ placebo သုံးတဲ့မိခင်ရဲ့ ကလေးတွေလိုပဲ အအေးပတ် လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပေမယ့် ကြာကြာတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။

ငါးကြီးဆီစားသုံးတဲ့အတွက် မိခင်ဝမ်းအတွင်းမှာကတည်းက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက် တဲ့ ရောဂါခုခံကာကွယ်တဲ့ဆဲလ်စနစ်တွေ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ အဲဒီလေ့လာမှုမှာ မိခင်တွေကို သနေသား ၁၈ ပတ် ကနေ ၂၂ ပတ် ကာလအထိ DHA ၄၀၀ မီလီဂရမ် တိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သာမာန် အမေရိကန်အမျိုးသမီးတဦး စားသုံးတဲ့ နှုန်းထက် ထက်ဝက် ပိုများနေတာလည်း တွေ့ရပါတယ်။

ရည်ညွှန်း - TIME magazine, Vol. 178, No. 6, 2011 (August 15)