၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (ASEAN ECONOMIC COMMUNITY) အတွက် ထိုင်းနိုင်ငံရဲ့ ပြင်ဆင်မှုတွေသေချာ လုပ်နေတာကို သွားလာရင်း သတိထားမိတယ်။ အဲဒီထဲ တခုက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အာဆီယံ ၁၀ နိုင်ငံအကြောင်း မိတ်ဆက် သင်ကြားပေးခြင်းပါ။ သိသာလာတာက ၂၀၁၂ စကတည်းက မူကြိုအရွယ် ကလေးငယ်တန်းတွေ စသင်ကြားပေးနေတာပါပဲ။
အိမ်မှာ မြန်မာလို သာမန် အသုံးတွေသာ ပြောလေ့ပြောထ ရှိတဲ့ ကျမ သားသားက မနှစ်တုန်းက ကျမကို "မင်္ဂလာပါ မေမေ" လို့ပြောစဉ်က ကျမ အံ့သြသွားတယ်။ ကျမက သူ့ကို မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် ဆိုတာ သီးသီးသန့်သန့် မသင်ထားရသေးဘူး။ သားဘယ်လိုတတ်တာလဲ မေးတော့ သားကျောင်းမှာ သင်တယ်တဲ့။ စာမေးပွဲမှာလည်း အာဆီယံ ဘာသာရပ်ဆိုပြီး သီးသန့် ဖြေကြရတယ်။ သားဆရာမကလည်း ပြောတယ်။ အာဆီယံ ဘာသာရပ် ဖြေရမယ်တဲ့။ နောက်ပိုင်း သူ့ ကျောင်း စာအုပ်တွေကို ကြည့်မိတော့ သူပြောတဲ့အတိုင်းပဲ အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအကြောင်းကို သေသေချာချာ သင်ထားတာ တွေ့တယ်။ (ထိုင်းကျောင်းတွေမှာက မူကြိုအရွယ်ကလေးတွေအတွက် ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်တွေကို ကျောင်းမှာသာ ထားလေ့ရှိတယ်။ စာသင်နှစ်တနှစ်ကို ၂ ပိုင်းပိုင်းပြီး ပထမပိုင်း ၅ လကုန်တာနဲ့ စာမေးပွဲစစ်၊ လေ့ကျင့်ထားသမျှ လေ့ကျင့်ခန်းစာအုပ်တွေ ပန်းချီ လှုပ်ရှားမှုတွေ စတဲ့ စာအုပ်တွေကို ကျောင်းသားတဦးချင်းစီကို ပြန်ပေးလေ့ရှိတယ်။) နိုင်ငံတခုချင်းအလိုက် အလံ၊ နှုတ်ဆက်စကား နဲ့ အစိုးရ လွှတ်တော် အဆောက်အအုံ ပုံတွေကို စာတမျက်နှာချင်း အရောင်ခြယ်တာ၊ အရေး၊ အဖတ် လေ့ကျင့်ခိုင်းထားတာတွေနဲ့ သင်ကြားပေးတယ်။ အသက် ၄-၅ နှစ်အရွယ် ကလေးကို မေးကြည့်ရင် ဘယ်နိုင်ငံ ဘာအလံဆိုတာ မှန်အောင် ပြောပြနိုင်တယ်။ ကျမတို့ မြန်မာပြည်က စာသင်ကျောင်းတွေမှာရော လာမည့် ၂ နှစ်မှာ စတော့မယ့် AEC အတွက် ဘယ်လောက် ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။
မှတ်မှတ်ရရ ငယ်ငယ်က ကျောင်းမှာ (လွန်ခဲ့တဲ့ ၁၅ နှစ် ၀န်းကျင်) ပထ၀ီဆိုရင်လည်း မြန်မာပြည်အကြောင်းသာ အများဆုံး သင်ခဲ့ရပီး ကမ္ဘာ့မြေပုံနဲ့ ကမ္ဘာ့အထင်ကရတွေကို မှတ်မိလွယ်တဲ့ နည်းနဲ့ သင်ကြားခဲ့ရခြင်းမျိုး မရှိခဲ့ဘူး။ ပြင်ပ ဗဟုသုတ စာပေတွေကို မဖတ်ရင် အာဆီယံနိုင်ငံအလံနဲ့ ကမ္ဘာ့နိုင်ငံများက အလံတွေကို သိဖို့ ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ကမ္ဘာ့ဘောလုံးသမားတွေအကြောင်း စိတ်ဝင်စားတဲ့ လူငယ်တွေက လွဲရင်ပေါ့။ ဒါတောင် တချို့ မသိကြတာတွေမှ တပုံကြီး။ သင်ထောက်ကူပစ္စည်း ချို့တဲ့တာရယ်၊ သင်ရိုးညွှန်းတမ်း အားနည်းတာရယ်၊ ကြက်တူရွေး စာအံ နည်းနဲ့ သင်ခဲ့ရတာတွေ များပါတယ်။ ခုထိလည်း ဒီလို နည်းစနစ်တွေက ဆယ်စုနှစ်တခု-နှစ်ခုအထိ ဆက်ရှိနေတာပါပဲ။
ဒီနှစ်အစောပိုင်း ရွာကိုပြန်တော့ မောင်လေး ညီမလေး ၀မ်းကွဲတွေ စာဖတ် စာအံနေတာကို ကြည့်ရင်း ပညာရေးစနစ်က အရင့်အရင် နှစ်တွေ အတိုင်းပဲ ဆိုတာ ဆ၀ါးမိတယ်။ စာတပုဒ်ကို အလွတ်ရအောင်သာ ကျက်နေပြီး စာရဲ့ အဓိပ္ဗါယ်ကို ကောင်းကောင်းမသိတဲ့ မောင်လေးကို ဆရာမက ဘယ်လိုရှင်းပြလဲလို့ မေးကြည့်တော့ ကျမငယ်ငယ်ကလိုပါပဲ၊ အပေါ်ယံ အဓိပါယ်တွေကိုပဲ သူက ပြန်ရှင်းပြတယ်။ ဒါ ခေတ်အဆက်ဆက် တပုံစံတည်း ဖြစ်နေတာပေါ့။ ဆရာနေ၀င်းမြင့်ပြောသလို စာကိုသာမက စိတ်ကိုပါ သင်တဲ့ ဆရာ၊ ဆရာမ မျိုးတွေ နည်းပါးလာတာတွေကြောင့် ကျောင်းစာတွေဟာ နှစ်ကုန်လို့ တနှစ်ကူးတာနဲ့အလွယ်တကူ မေ့ပျောက်သွားတတ်ကြတယ်။ ဒီအတွက် သင်ရိုးညွှန်းတမ်းရော သင်ပုံ သင်နည်းတွေရော တကယ်လက်တွေ့ ပြောင်းလဲဖို့ လိုနေတာပါ။
ထိုင်းမှာ အာဆီယံ ၁၀ နိုင်ငံ ဘာသာရပ်အပြင် အင်္ဂလိပ်စာကိုလည်း ကျောင်းတွေမှာ Native Speakers (အင်္ဂလိပ်စကားပြောတဲ့လူ) တွေကိုယ်တိုင်နဲ့ သင်ကြားရမယ်လို့ မူဝါဒ ချမှတ်ထားတာပါ။ တနိုင်ငံလုံး အင်္ဂလိပ်စာအဆင်ပြေပြေ ပြောတတ် ဆိုတတ်ဖို့ ကလေးအရွယ်ထဲက လေ့ကျင့်သင်ကြားပေးတဲ့စနစ်ကို အကောင်အထည်ဖော်နေတာလည်း ၂ နှစ်ကျော်နေပါပီ။ နောက်နှစ် ၂၀၁၄ မှာ အာဆီယံဥက္ကဌ ဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ဦးဆောင်မယ့် မြန်မာတွေအနေအရော ဘယ်လောက်ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။ အိမ်နီးချင်းနိုင်ငံ ထိုင်းကို နမူနာယူပြီး ပြင်ဆင်မှုတွေ ခုတည်းက မလုပ်ရင် ၂၀၁၅ မှာ ကိုယ်က နောက်ကောက်ကျကျန်နေရစ်အုံးမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်။။