Saturday, September 27, 2008

သူတို့တွေမှာတောင် အခွင့်အရေးရှိပါတယ်။




ဒီဓါတ်ပုံလေးကတော့ တရုပ်ပြည်က တိရိစ္ဆာန်ဆေးရုံတခုမှာ ကျောက်ကပ်စစ်ဆေးမှု ခံယူနေတဲ့ မျောက်လေးရဲ့ပုံပဲ ဖြစ်ပါတယ်။ (ဘီဘီစီ ဓါတ်ပုံများ (၂၅ စက်တင်ဘာ ၂၀၀၈) ကနေ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်) အဲဒီမျောက်ဟာ တရုပ်ပြည်လုပ် အဆိပ်သင့်မယ်လမင်းပါဝင်တဲ့ နို့မှုန့်တွေကို သောက်သုံးခဲ့မိတဲ့ အတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း တရုပ်နိုင်ငံလုပ် နို့မှုန့်နဲ့ နို့ပါတဲ့ မုန့်တွေကို မရောင်းဖို့အတွက် တားမြစ်ထားပြီး ဆိုင်တွေကလည်း စတင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီနို့မှုန့်တွေ တင်သွင်းခဲ့ဖူးတဲ့ နိုင်ငံတွေမှာဆိုရင် သောက်သုံးခဲ့ဖူးတဲ့ ကလေးတွေ၊ တိရိစ္ဆာန်တွေကိုလည်း ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်။

ဒါပေမယ့် တရုပ်ထုတ်ကုန်များကို အသုံးများတဲ့ မြန်မာပြည်မှာတော့ တရုပ်ထုတ်နို့မှုန့်တွေကို တင်သွင်းခွင့် ပိတ်ပင်ထားတယ်ဆိုပေမယ့် တင်သွင်းပြီးသား နို့မှုန့်နဲ့ နို့မှုန့်ပါတဲ့ မုန့်တွေကို အာဏာပိုင်ကရော ရောင်းသူတွေကပါ ထပ်မရောင်းဖို့ ပူးပေါင်းလုပ်ဆောင်နေလား၊ မနေလားဆိုတာတော့ မသေချာပါဘူး။ စီးပွားရေးသမားကတော့ ကိုယ်ကျိုးအတွက်ပဲ ကြည့်မှာပါလေ။ သတင်းစာ၊ ရေဒီယိုနဲ့ သိပ်ပြီး ဆက်စပ်မှုမရှိတဲ့ အခြေခံလူတန်းစား တနေ့လုပ်တနေ့စားတွေအတွက်ကတော့ ဒါကို သိချင်မှ သိနိုင်မှာပါ။ အကယ်၍များ အဲဒီလူတွေရဲ့ သားသမီးငယ်လေးတွေသာ တရုပ်နို့မှုန့်တွေကို စားသုံးမိခဲ့ကြမယ်ဆိုရင်… အဲဒီကလေးတွေရဲ့ အနာဂတ်ကတော့ မတွေးဝံ့စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခုနလို (အပေါ်ကပုံလို) ကျန်းမာရေးစစ်ဆေးပေးမှု ခံယူနိုင်ခွင့်တွေ မရှိလို့ပါပဲ။ ရှိခဲ့ရင်လည်း ဒါဟာ လူကုန်တံလူတန်းစားနဲ့ အာဏာပိုင်တွေရဲ့ ဆွေမျိုးသားချင်းတွေလောက်သာ ဂရုစိုက်ခံမှု ရရှိမှာပါ။

အော်…. မြန်မာပြည်မှာ လူဖြစ်ရတာ မျောက်လောက်တောင်မှ မနိမ့်ပါလားနော်။။။

No comments: