Saturday, August 18, 2012

မန်ကျည်းရွက် ပုဇွန်အစပ်ချက်

ညနေစောင်း ရုံးကပြန်လာပြီး ချဉ်ချဉ်စပ်စပ်နဲ့ ခံတွင်းတွေ့မယ့် ဟင်းလေးတခွက် ချက်စားဖို့ စဉ်းစားမိတော့ ပထမဆုံးပေါ်လာတာက ကင်ပွန်းချဉ်ရွက်ပါ။ လောလောဆယ် အိမ်မှာ ချက်စရာ အဆင်သင့်မရှိတော့ ရှိတဲ့ မန်ကျည်းရွက်ကလေးပဲ သုပ်စားရကောင်းမလားပေါ့။ ပုဇွန်လေးကလည်း အရန်သင့်ရှိနေတော့ ရှိတာလေးနဲ့ ဘယ်လို စားကောင်းအောင် ချက်မလဲ စဉ်းစားရင်းက တရေးနိုးအကြံပေါ် ဆိုသလို မန်ကျည်းရွက်နဲ့ ပုဇွန်ကို ချက်စားဖို့ စိတ်ကူးရလိုက်တယ်။ (တကယ်က ကျမခင်ပွန်းဆီက စိတ်ကူးပါ။) ဒါပေမယ့် ဟင်းချက်တော်လွန်းတဲ့ ကျမ (ဟိ တူးတာ များလွန်းတဲ့ ကိုယ့်ဟာကို မြှောက်ကြည့်တာ) ဘယ်လိုချက်ရမလဲ ဆိုတာ သေချာအောင် မဲဆောက်က မမဆီမှာ လှမ်းမေးရပါတယ်။ အဲလိုချက်စားလို့ရသလားပေါ့။ မမက ရတယ်၊ ဘယ်လိုချက်ဆိုတဲ့ ချက်နည်းကလေး လည်း ပြောပေးပါတယ်။ အဲဒါနဲ့ မန်းကျည်းရွက်ပုဇွန်ချဉ်စပ်ဟင်း တခွက် ချက်ကြည့်ပါတယ်။ 

မန်ကျည်းရွက်နဲ့ ပုဇွန်အစပ်ချက်

လိုတာကတော့ မန်ကျည်းရွက် (အလေးချိန် ၁ ခစ်၊ ချင်းမိုင်မှာက ကီလိုနဲ့ရောင်းတာဆိုတော့ ၁ ကီလိုရဲ့ ၁၀ ပုံ ၁ ပုံ ဆို အများကြီး ရပါတယ်။)နဲ့  ပုဇွန်နည်းနည်း (ခန့်မှန်းခြေ ၂ ခစ်လောက်ပေါ့။ ကိုယ်စားချင်သလောက် ထဲ့လို့ရတယ်။) ပေါ့။ 
ပထမဆုံး ငရုပ်သီးကိုထောင်း (၁၀ တောင့်လောက်ထဲ့ရင် တော်တော်စပ်ပါတယ်။) ကြက်သွန်ဖြူလေးနဲ့ အနီလေးပါ ရောထဲ့ပြီး ပုဇွန်ငပိလေး ထန်းလျက်ခဲလုံးစာလောက်လေးထဲ့ပြီး ထောင်းပါ။ မန်ကျည်းရွက်ကို ရေဆေးထား။ ပြီးရင်တော့ ဆီပူနဲ့ ထောင်းထားတဲ့ငရုပ် ဆီသပ်၊ (မတူးစေနဲ့နော်။ တူးရင် ခါးတယ်) မွှေးလာရင် ပုဇွန်ထဲ့၊ ပုဇွန်ကွေးလာပြီးရင် မန်ကျည်းရွက်ကလေး အုပ်လိုက်တာပါပဲ။ ပြီးရင် ရေလေး နည်းနည်းလေးထဲ့။ အပေါ့အငန်မြည်းကြည့်ပြီး လိုရင် ငံပြာရည်နည်းနည်းထဲ့။ (အချိုမှုန့် စားတတ်ရင် အချိုမှုန့်လေး နည်းနည်းထဲ့ပါ) ရေက ခန်းသွားပြီး ဆီပြန်သလို ပွက်လာရင်တော့ ဟင်းကျက်ပါပီ။ ချို ချဉ် စပ် အရသာ သုံးမျိုးပါတဲ့ ဒီဟင်းနဲ့ ကိုယ်ကြိုက်တဲ့ဟင်းချိုရည်လေး တခွက်ပါထပ်ချက်ပြီး စားရင် ပိုမြိန်မှာပေါ့။ 

ရုံးကို ဒီဟင်းနဲ့ ထမင်းချိုင့်ယူသွားတော့ ရုံးက ဘော်ဘော်တွေလည်း ခံတွင်းတွေ့တယ်ဆိုတော့ ပီတိ ဖြစ်ရသေး။ ချက်နည်းပေးတဲ့ မမကို ကျေးဇူးတင်တဲ့အနေနဲ့ သူပေးတဲ့ ဟင်းချက်နည်းလေးကို ဒီလိုမှတ်တမ်းတင်လိုက်တာပါ။

ကေဇီလင်း
 

1 comment:

@@@ said...

ချက်ရတာ လွယ်မယ့်ပုံပဲ .. မန်ကျည်းရွက်ရမှ စမ်း ချက် ဦးမယ်း)

- Ma Soe