Tuesday, November 4, 2014

ဓနုတို့ တောင်တန်းနဲ့ ရေပြာအိုင်

   
   လှပတဲ့ ပန်းချီကားတွေနဲ့ခပ်ဆင်ဆင် ရှုခင်း၊ အေးစိမ့်စိမ့်လေတွေ ရှုရှိုက်ရင်း ပေ ၄၀၀၀ ကျော်အမြင့်ရှိတဲ့ ရှမ်းတောင်တန်းကို ဖြတ်သွားတဲ့ချိန် ရလိုက်တဲ့ ခံစားချက်က သိပ်ကို လွတ်လပ်တယ်။ စိတ်ထဲ ကြည်ပြီး အရာရာကို ဓါတ်ပုံရိုက်ချင်စရာ။ တရိပ်ရိပ်ပြေးနေတဲ့ တိမ်တွေရယ်၊ လမ်းတဖက်စီက နွဲ့ယိမ်းနေတဲ့ ယူကလစ်ပင်တန်းတွေရယ် ခပ်ဝေးဝေးကမြင်ရင် ပန်းချီကားထဲက အစက်အပြောက်လေး တွေလား ထင်ရတယ်။ အဲ့လိုထင်ရပေမယ့် အနီးကပ်လာတာနဲ့ အမျှ ကျောက်တောင်တွေ ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင် ကတော့ စိမ်းစိုနေတဲ့ စပါးခင်းတချို့၊ ဂေါ်ရခါးသီးစိုက်ခင်းတွေ၊ ထောပတ်သီးပင် ကော်ဖီပင်နဲ့ နှစ်ရှည်ပင်ကြီးတွေပေါ့။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ 
မြစ်ချောင်း အိုင်ငယ်ပေါတဲ့ ရှမ်းပြည်။ မြူတွေဖုံးပြီး တောင်တွေနဲ့ တိမ်ထိလုလု၊ တချို့ တောင်တွေမှာ တိမ်တွေနဲ့ ထိနေတဲ့ ဒေသ၊ လမ်းပန်းဆက်သွယ်ရေး အတော်အသင့် ကောင်းတဲ့အထဲပါပြီး ဥတုရာသီအေးတဲ့ ဒေသမှာ ရှမ်းတိုင်းရင်းသားအများစုအပြင် တခြား ပအို့ဝ်၊ ပလောင်ဝ်၊ ဓနု၊ အင်းသား၊ တောင်ရိုး စတဲ့ စတဲ့ တိုင်းရင်းသားအုပ်စုငယ် လေးတွေလည်း သူ့နေရာနဲ့သူ နေထိုင်ကြတယ်။ ရှမ်းပြည်ရဲ့ ကုန်သွယ်မှုပြုရာမြို့ဖြစ်တဲ့ အောင်ပန်း မြို့ကလာရင် ၁၀ မိုင်အကွာ လမ်းခွဲမှာ အတွင်းလမ်း တဖက်ခြမ်း ၁၃ မိုင်ထပ်ဝင်ရင် ဂူအတွင်း ဗုဒရုပ်ပွားတော်တွေကြောင့် နာမည်ကြီးတဲ့ ပင်းတယကို သွားလို့ရသလို ကျန်တဲ့တဖက်ခြမ်း မန္တလေးကို အပြန်လမ်းဘက်မှာ ဓနုတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တွေ့ရမယ်။ 


ရေပြာအိုင်သို့ အဆင်းလမ်း
ဓနုအပိုင်ဒေသ ရွာငံမြို့နယ်အစ ၇ မိုင် မှာပဲ ရေပြာအိုင်ဆိုတဲ့ သဘာဝရေအိုင် တခုကို တွေ့ရတယ်။ မြသပိတ်ရေပြာအိုင်လို့ နာမည်ပေးထားပြီး တောကျယ်ရွာအစမှာ လမ်းညွှန် ဆိုင်းဘုတ်ကလေးတွေ ကပ်ထားတယ်။ ဆိုင်းဘုတ်ကပ်ထားတဲ့ လမ်းဘေးမှာပဲ ရေကန်ကြီးကြီးတခုတွေ့လို့ ဒီရေ မပြာပါလားဆိုပြီး စောဒက တက်လိုက်သေးတယ်။ (တကယ်က ရေပြာအိုင်ဆီ မရောက်သေးတာ။ :) ) ဒီရေပြာအိုင်အကြောင်း လူမှုကွန်ရက်တွေမှာ ပျံ့လာတာ ဒီ ၂၀၁၄ ခုနှစ်မှ။ အနီးနား တောကျယ်ရွာက ဆရာတော်နဲ့ ရွာသူရွာသားတွေက မြသပိတ် ရေပြာအိုင်ကို အလည်လာသူတွေ အလွယ်တကူ ဆင်းကြည့်လို့ရအောင် လှေကားလေးဖောက်ပြီး အိုင်ကိုလည်း ကာထားပေးတယ်။ 

ဆရာတော်ရဲ့ သတိပေးချက်
သိပ်မကျယ်လှတဲ့ အိုင်က တောင်တွေကြားက လျှိုနက်နက်ထဲ ဖြစ်ထွန်းနေတဲ့ပုံမျိုးနဲ့ တူပါတယ်။ ရေပြာအိုင် ပတ်လည်မှာ တော့ မြယာပင်သစ်ပင်ကြီးနဲ့ တခြား လူတဖက်စာမကတဲ့ အပင်တွေ ကြောင့် အေးပြီး စိမ့်နေတယ်။ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ကန်ကို နေရောင်က ရသလောက်ကနေ ထိုးဖောက် ဖြာဝင်နေ တာကြောင့် ရေပြာပြာကို ပိုကြည်စေပြီး ငါးကလေးများ ကူးခတ် နေတာ ကိုလည်း တွေ့ခဲ့ရသေးတယ်။ ကန်အစပ်ကတော့ မြေပျော့ပြီး ကျွံဝင်နိုင်တဲ့ အတွက် ဘောင်ခတ်ထားတဲ့ နေရာကပဲ ကြည့်ပြီး ပြန်ရင်တော့ အန္တာရာယ်ကင်းနိုင်ပါတယ်။ အိုင်ဆီ မရောက် ခင်က ရေပြာပြာဆိုတာ သိမ်းထားချင်လို့ ဗူးနဲ့ ခပ်ယူလာမဟဲ့ လို့ စိတ်ကူးထားတာလေးက ကန်အစပ်က မြေပျော့ပျော့ကြောင့်ပဲ လက်လျော့ခဲ့ရတယ်။ :-(

တောကျယ်ရွာက မြသပိတ်ရေပြာအိုင်
ရွာငံမြို့ဆိုတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ရှမ်းပြည် အောင်ပန်းမြို့နယ်ကနေ မန္တလေးတိုင်း ကျောက်ဆည်မရောက်ခင် ဟန်မြင့်မိုရ် ရွာနဲ့ နယ်နိမိတ်ဆက်တယ်။  တောင်တွေကို အလယ်ကပတ်ပြီး လမ်းဖောက်ထားတယ်။  အောင်ပန်း - ရွာငံ - ဟန်မြင့်မိုရ်လမ်းက လမ်းတလျှောက်ကတော့ လမ်းချော မဟုတ်လို့ ကားကို ထိန်းပြီး မောင်းရတယ်။ အဆင်းသတိထားရသလို မန္တလေးဘက်က လာတဲ့ အတက် သမားတွေ အတက် အတော်မက်စောက်တဲ့ လမ်းမျိုး။ ကားကို ဖြည်းဖြည်း မောင်းရတော့ သဘာဝ ရှုခင်းကိုလည်း တ၀ကြီး ကြည့်ခွင့်ရတာပေါ့။ (အောက်သူအောက်သားဆိုတော့ ထောပတ်သီးပင် မမြင်ဘူးလို့ သေချာကြည့်ခဲ့သေး။ ထောပတ်သီးတွေကတော့ မရင့်သေး။)

ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်
အင်းလေးကအပြန် အောင်ပန်းမှာလည်း မနက်စာမစားခဲ့ဘဲ ရွာငံထိတက်တော့ လမ်းမှာဗိုက်ဆာတာနဲ့ ရေပြာအိုင်မရောက်ခင် ရွာတရွာမှာ မနက်စာဝင်စားဖြစ်တယ်။ ကားလမ်းဘေးက သပ်သပ်ရပ်ရပ် တည်ထားတဲ့ ဆိုင်ကလေးမှာ။ ဆိုင်ရှေ့ ရပ်ကြည့် လိုက်တာနဲ့တင် သန့်ရှင်းနေတာတွေ့တော့ စားချင်စိတ်တွေ ပိုတိုးသွားတာပေါ့။ ခရီးတထောက် နား ခရီးသည်တွေအတွက်တော့ သိပ်ကိုအဆင်ပြေတယ်။  ဓနုတိုင်းရင်းသားတို့ရဲ့ အစားအသောက်က ရိုးရှင်းတယ်။ ရှမ်းတွေလိုမျိုး ကောက်ညှင်း၊ ခေါပုတ်၊ တို့ဟူးနွေး၊ တို့ဟူးကြော် နဲ့ ရှမ်းခေါက်ဆွဲတွေ။ ဒေသလက်ရာ ရှမ်းစာကို မြိန်ရေ ယှက်ရေ စားခဲ့ရတာ။ ဒါ့အပြင် ဖော်ရွေ တတ်တဲ့ မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ စိတ်ထားကောင်းတဲ့ဓလေ့နဲ့ ရက်ရောမှု တွေကြောင့် ပီတိဖြစ်ရသေးတယ်။ကျမတို့က ရေနွေးဝယ်ချင်လို့ ရေနွေးရောင်းပေးပါလားလို့ မေးတော့ - ဒီလမ်းဘက်ကို ပြန်ရောက်မယ်ဆိုရင် ဓါတ်ဘူးပါ ယူသွားပါလို့ (ရေနွေးဖြည့်ထားတဲ့ ဗူးကိုကိုင်ပြီး) ပြောတယ်။ မန္တလေးကို တက်မှာ ဖြစ်တဲ့အကြောင်းနဲ့ တခါပဲသွားမှာမို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ရိုးရိုးရေသန့်ဗူးမှာ ရေနွေးကို ထဲ့ယူလာတယ်။ သောက်လို့ကောင်းလိုက်တဲ့ လက်ဖက်ရည်ကြမ်းရယ်။ 

       ဓနုတို့ စကားသံက ၀ဲတယ်။ လမ်းမှာ တွေ့တဲ့ ရွာသားတွေ (ကျောင်းဆရာမပါမကျန်) ကို လမ်းမေးရင် သူတို့ စကားသံ ၀ဲဝဲလေးနဲ့ ၃-၄ မိုင်ခရီးကိုလည်း အရမ်းဝေးတယ်လို့ ပြောကြတယ်။ သူတို့ ပြောတာလည်း ဟုတ်နေပြန်တယ်။ တနေရာနဲ့ တနေရာ ၇ မိုင် ၈ မိုင်ဆိုပေမယ့် ကားနဲ့ တောင် တော်တော်ကြာ မောင်းရပါတယ်။ လမ်းတွေကလည်း ကားတစီးခွဲစာပဲ ဖောက်ထားတဲ့ လမ်းတွေမို့ ကားနှစ်စီးယှဉ်လာရင် တဖက်က အောက်ချ ရပ်ကိုရပ်ပေးရတာကြောင့် ခရီးတွေလေးဖင့်ရတာပ။ အောင်ပန်း-ရွာငံ-ဟန်မြင့်မိုရ်ကို မိုင် ၈၀ လောက်ပဲ ဝေးပေမယ့် တောင်လမ်းမို့ ၆ နာရီကျော်လောက် ကြာအောင် သွားရတယ်။ ဟန်မြင့်မိုရ်ဆိုတာလည်း စိန်တလုံး သရက်တွေ လှိုင်လှိုင်ထွက်တဲ့ ဒေသပေါ့။ ကိုယ်သွားတဲ့အချိန်ကတော့ သီးနှံရာသီချိန်မဟုတ်လို့ မမြင်ခဲ့ရ။ ဒီလမ်းကို သွားဖူးသူ မောင်ငယ်လေးက ဒီဇင်ဘာဆို ပန်းတွေပွင့်ချိန် စိုက်ခင်းထဲက ရောင်စုံအလှက ဒီထက် ပိုလှပါသေးသတဲ့။ ကျမတို့သွားတာ အောက်တိုဘာဆိုတော့ ဆောင်းမရောက်ခင် စပ်ကူးမတ်ကူးကာလ။ တနေ့ခရီးဆိုပေမယ့် ရွာငံမြို့ရဲ့ ရှုခင်းကြည့်ရတာနဲ့တင် စိတ်လက်ပေါ့ပါးခဲ့ရတဲ့ road trip တခုပါပဲ။ 

ကေဇီလင်း
အားလပ်ရက်အမှတ်တရ (အောက်တိုဘာ ၂၀၁၄)



Wednesday, April 23, 2014

၂၁ ရာစုရဲ့ သူလိုလူ


မိတ်ဆွေရင်းမဟုတ်ပေမယ့်
စိတ်တွေ အလင်းရအောင်
သူ့စာ စကားတွေဆီက သင်ယူခွင့်ရခဲ့တယ်။

သတင်းအတွက် သူ့အမြင်ကို
အင်တာဗျူးတွေတောင်းတိုင်း
စိတ်ရှည်ရှည်ဖြေပေးတတ်သူ
စိတ်ဓါတ်ခွန်အားပေးသူ
သတင်းစာပညာကို အသက်ထက်ဆုံး ချစ်မြတ်နိုးသူ
ကျင့်ဝတ် စောင့်သူ
နိုင်ငံရေးသမားထက်
သတင်းစာသမားသာ ဖြစ်ချင်သူ
သူလိုလူ

စစ်အစိုးရ အကျဉ်းထောင်ထဲမှာ နှစ်အရှည်ကြာဆုံး နေခဲ့ရသူ
၁၉  နှစ်ကြာ ရက်စက်ကြမ်းကြုတ်မှုတွေ ဖိနှိပ်မှုတွေကို အံတုပီး မှန်ရာကို ပြောရဲသူ
သွားတွေ မရှိတော့ပေမယ့် ထောင်ထမင်းကြမ်းကို အသက်ဆက်နိုင်ဖို့ မြိုချခဲ့သူ
သူလိုလူ

ကွန်မြူနစ်ပဲဆိုဆို hardliner လို့ပဲ သမုတ်မုတ်
ဒီမိုအရေးအတွက် မဆုတ်မနစ် လုပ်ဆောင်သူ
သူလိုလူ

မူမမှန် လူမမှန်လို့မဟုတ်ဘဲ
အများအကျိုး ဆက်လက်ပေးကမ်းနိုင်ဖို့ တကိုယ်တည်းနေပီး လက်တွဲဖော် မရှာခဲ့သူ
အသက်ထက်ဆုံး နိုင်ငံရေးမှာ မြှုပ်နှံထားသူ

သတင်းစာမှာ တနေ့ အနဲဆုံး ၁၅ နာရီ အလုပ်လုပ်ပြီး ကလောင်ခွဲတွေနဲ့ နာမည်မခံဘဲ သတင်းစာကြီးပွားတိုးတက်ရေးကို ရှေ့ရှုလုပ်ဆောင်သူ၊ သတင်းသမား စာရေးဆရာ ကဗျာဆရာ

အဘိုးအရွယ် ၈၀ ကျော်ပေမယ့် လေသံမပျော့ မာန်မလျော့ဘဲ ဒီမိုခေတ်ပြောင်း စနစ်ပြောင်းမှာ ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့သူ

သံမဏိ လူသား သတင်းစာဆရာကြီး
၂၁ ရာစုရဲ့ ၂၁ ရက် တနင်္လာ မနက်မှာ အားလုံးကို စွန့်ခွာသွားပေမယ့်
သူ့ဝိဥာဏ် တော်လှန်သတ္တိနဲ့
ခေတ်စကားတို့ သမိုင်းတွင်နေဆဲ။

ဘဘ (ဟံသာဝတီ) ဦးဝင်းတင် (၁၉၃၀-၂၀၁၄) အား အဝေးမှ ဦးညွတ်ပါ၏။

ကေဇီလင်း
ဧပြီ ၂၃၊ ၂၀၁၄


Wednesday, April 9, 2014

ပိတောက်ခင်းလမ်း

ပန်းပိတောက်ဖူးကြွေ ခင်းထားတဲ့ ပိတောက်ခင်းလမ်းဘေးနား ဖြတ်လျှောက်တိုင်း မွှေးပျံ့ပျံ့ပန်းရနံ့ကြောင့် စိတ်တွေ လန်းဆန်းသွားရတယ်။ အရွက်သေးသေး အပွင့်ဝါ၀ါ ပိတောက်ပွင့်အပြည့်နဲ့ အပင်ကြီးက မြင်ရသူတိုင်း စိတ်ချမ်းသာစေတယ်။ မနက်ည ရုံးသွား ရုံးပြန် အဲ့အပင်အောက် ဖြတ်တော့ ပိတောက်ရနံ့ကို တ၀ကြီး ရှုရှိုက်ရတာလည်း အရသာ။

ဒီအချိန်ဆို အိမ်ကို လွမ်းတာ၊ မြန်မာပြည်ကို လွမ်းတာမှာ ရွှေရည်လူးတဲ့ သင်္ကြန်ပိတောက်မြင်တော့ အလွမ်းတ၀က် လျော့ရတာပေါ့။ ကျမနေတဲ့ ဇင်းမယ် ခေါ် ချင်းမိုင်မြို့မှာတော့ ဒီပိတောက်ပန်းတွေကို ခူးသူလည်း မမြင်မိ။ ပင်မြင့်ထက်မှာ သူ့အတိုင်းပဲ ပွင့်နေတယ်။ အချိန်တန်တော့ ကြွေကျတော့လည်း နှမြောတဲ့သူ မရှိသလိုပဲ။ သင်္ကြန်မတိုင်ခင် မိုးနှစ်ခါတိုင်တိုင် ရွာပီးလို့ ပိတောက်ပင်တွေကလည်း နှစ်ခါ ပြန် ပြန်ပွင့်နေပြီးတာပေါ့။ ခူးမယ့် ကိုင်းဆွတ်မယ့်သူ မရှိတော့ အပင်ထက် ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှ မွှေးချင်တိုင်း မွှေးနေတော့တယ်။ မြန်မာပြည်မှာဆိုလိုကတော့ အကိုင်းခူး၊ ပိတောက်ခက်ခြွေ၊ ပိတောက်ပန်းပွင့်တာနဲ့ ဈေးမှာ အလွယ်တကူ ၀ယ်လို့ရနေတော့ ပျိုပျို အိုအို မေတို့ ခေါင်းမှာ ပိတောက်ပန်းကိုယ်စီနဲ့ပေါ့။

ထိုင်းတွေက မြန်မာတွေလို ပန်းပန်လေ့ ရှိသူမှ မဟုတ်။ ပန်းမှ မဟုတ် တွေ့ဖူးသမျှ လူနေအိမ်ဝင်းထဲမှာ စိုက်ထားသမျှ သီးပင် စားပင် ဥပမာ သရက်ပင် လိုမျိုးမှာတောင် အသီးငယ်ငယ်ဆို ခူးလေ့ မရှိတာ တွေ့ရတယ်။ ထိုင်းမှာ အပင်စုံ တွေ့ရတယ်။ မြန်မာပြည်ရဲ့ နိုင်ငံတော်ပန်း ဖြစ်တဲ့ ပိတောက်ပန်းကို မြန်မာပြည်ရဲ့ အများပြည်သူ သွားလာ အပန်းဖြေရာ အရပ်တွေမှာ တွေ့ရနည်းလေ့ ရှိပေမယ့် ထိုင်းရဲ့ ကားလမ်း တော်တော်များများရဲ့ လမ်းဘေး ၀ဲယာ တဖက်စီမှာ တန်းစီ စိုက်ထားတာကို တွေ့ရတယ်။ အထူးသဖြင့် ဇင်းမယ် လေယာဉ်ကွင်းလမ်း၊ ကျုံးပတ်လည်နဲ့ အမြန်ကားလမ်းတွေ အပြင် လူနေရပ်ကွက်တလျှောက် လမ်းတော်တော်များများမှာ အိမ်ခြံဝင်းတွေထဲမှာ တွေ့ရတတ်တယ်။ လသင်္ကြန် ဧပြီဆို ဘယ်နေရာလေးရောက်ရောက် ဆိုင်ကယ်ပေါ်ကနေ ပိတောက်နံ့လေးတွေ ရတတ်စမြဲ။။

ပိတောက်ပင်ကြီး ပင်ငယ်တွေ တွေ့တိုင်း၊ အသီးတွေ ပြွတ်သိပ်နေတဲ့ ခူးသူမဲ့ သီးပင် စားပင်တွေ တွေ့တိုင်း ကျမ သတိယတတ်တာက ထိုင်းနဲ့ မြန်မာ သစ်ပင် ထိန်းသိမ်းတတ်တဲ့ စိတ်ဓါတ်တွေ ကွာသွားပီဆိုတာပဲ။ ပိတောက်ခက်တွေ အကိုင်းတွေ ချိုးဖဲ့ပြီး ခေါင်းထက် ပန်ဆင်တတ်တဲ့ အိမ်မှာ မွှေးအောင် အကိုင်းခတ်တွေ ဆင်ထားတတ်တဲ့ မြန်မာတွေထက် ပန်းကို သူ့အပင်မှာသာ ထားပြီး မွှေးရနံ့ ကို သဘာဝအတိုင်း မွှေးပျံ့နေစေတာ က သဘာဝကို မြတ်နိုးတတ်အောင် ထိုင်း အခြေခံပညာရေး စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ အသိကြောင့် ပဲလား ဆိုပြီး လျှောက် စဉ်းစားမိသေး။ ဘယ်လိုပဲ စဉ်းစားမိပစေ ခပ်နိမ့်နိမ့် ပိတောက်ခက် ကို မှီရင်ဖြင့် လှမ်းဆွတ်လိုက်ချင်စိတ်တွေကတော့ တဖွားဖွား။။

ကေဇီလင်း
ဧပြီ ၉ ၊ ၂၀၁၄

Tuesday, February 25, 2014

အပင်နဲ့ ဖုတ်ကောင်


အပင်နဲ့ ဖုတ်ကောင် (Plant Vs. Zombie) ဖိုင်ကို မြန်မာရုပ်ရှင်တခုရဲ့ အရေးကြီးတဲ့ ဒေတာ ခိုးယူတဲ့အခန်း ရိုက်ထားတယ်လို့ စတေးတပ် ဖတ်လိုက်ရတုန်း သားသားရဲ့ ပြောစကား တခုကို သွားသတိယတယ်။ အပင်နဲ့ ဖုတ်ကောင် ဂိမ်းကို သားသားသိပ်ကြိုက်တာပေါ့။ အဲ့ဂိမ်းက အပင်လေးတွေစိုက်ပြီး ဥယျာဉ်ကြီးကို ကာကွယ်ရတာ။ အပင်ကို လာစားတဲ့ ဇမ်ဘီး ဖုတ်ကောင်ကို ဂေါ်ဖီထုပ်၊ ပဲတောင့်၊ အာလူး စတာတွေနဲ့ ပစ်ပီး အပင်တွေကို ကာကွယ်ရတာ။ သားက ဂိမ်းကို ဘယ်လောက်ထိ စွဲလန်းသလဲဆို အိမ်မှာ ဂိမ်းထဲကလို အပင်စိုက်မယ်ဆိုတာချည်းပဲ ပြောလို့ မနည်းတားရတယ်။

တနေ့ကျတော့ ကျမတို့ မိသားစု အိမ်အသစ်ပြောင်းဖို့ လိုက်ရှာရင်း ခရစ်ယာန် သချိုင်းတခုဆီ ရောက်သွားတယ်။ နေနေတာ ၃၊ ၄ နှစ်ရှိနေပေမယ့် ဒီသချိုင်း ရှိမှန်း အရင်က မသိခဲ့ဘူး။ နောက် တပတ် ၂ ပတ် ကြာတော့ သားကပြောတယ်။ ဒီလမ်းမှာ ဇမ်ဘီလူဆိုးတွေ ရှိတယ်တဲ့။ အဲ့ဒါကြောင့် သားတို့ ဒီနားမှာ မနေတာနော် အမေ... သားတို့အပင်တွေ လာစားမှာစိုးလို့..တဲ့။
ကျမတော့ ပြုံးလိုက်ရတာ။ ကလေးအတွေးများ ချစ်စရာ။ <3