Tuesday, April 28, 2009

သူငယ်ချင်းရဲ့ ကဗျာ

သူငယ်ချင်းတယောက်ရေးထားတဲ့ ကဗျာလေးပါ။ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားဘ၀လေးကို အမြဲအမှတ်ရနေစေမယ့် ကဗျာလေးမို့ အမှတ်တရလေး တင်လိုက်ပါတယ်။ (ဒီကဗျာကို ကိုဆာန်ဇတ်ရဲ့ ဘလော့ဂ်မှာ တင်ထားပြီးသားပါ။ ကဗျာရေးသူရဲ့ ခွင့်ပြုချက်ကို ရယူပြီး ပြန်လည် တင်ပေးတာပါ။)


နောက်ပြီး မမွန်းမံဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကျမဘလော့ဂ်လေးကို (မျက်စိရှုပ်စရာတွေများနေပေမယ်)့ လာပြီး အားပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်လျက်။


Miss You Guys

We all are here as a core

To reach all of our goals

To meet all of our aims

We all have to be trained


As life is not a bed of roses

We all had to be toasted

Most of the time we enjoy and bite

We can call the group that icfc five


As we gave our breathe and sweat

We struggled as much as we had

I believe we all are fine

As much as the way we try


The end of the day in 2005

Sitting GED in a fright

Even though we were fear

After exam, it all disappeared


Never never forget the days

The time we spent on icfc way

To honor and appreciate 24 of us

Lets us unite is a must



Composed by HC


Monday, April 20, 2009

သင်္ကြန်အမှတ်တရ

သင်္ကြန်မှာ ကလေးလူကြီးမရွေး ဒီလိုပါဝင်ဆင်နျွှဲကြတယ်လေ။


မဲဆောက်မြို့တွင်းသင်္ကြန်

ဒီလိုအုန်းလက်မဏပ်လေးက ရွာကို အမှတ်ရစေတယ်။

စင်ပေါ်မှ ထိုင်းမလေးများ


Saturday, March 7, 2009

နိုင်ငံတကာ အမျိုးသမီးများနေ့

မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့ အဖြစ် ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေက သတ်မှတ်ထားကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အသိအမှတ်ပြု ဂုဏ်ပြုထားပြီး နိုင်ငံအတော်များများမှာ အားလပ်ရက်အဖြစ် သတ်မှတ်ကြပါတယ်။ တိုင်းရင်းသား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး မတူကွဲပြားမှုများနှင့် နယ်နိမိတ်များဖြင့် ပိုင်းခြားထားသော်လည်း အမျိုးသမီးများက ထိုနေ့ကို ကျင်းပရန်အတွက် စုစည်းမိကြပါတယ်။ အမျိုးသမီးများ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့နဲ့ ပတ်သက်ပြီး ကမ္ဘာတ၀ှမ်းလုံးက အမျိုးသမီးရေး လှုပ်ရှားသူတွေ တိုက်ပွဲဝင်ခဲ့တာ တိုက်ပွဲဝင်နေဆဲ ဒီခရီးဟာ ဆယ်စုနှစ် ကိုးနှစ်နီးပါး ကြာခဲပါ့ပြီ။


အမျိုးသမီးများနေ့သမိုင်းဟာ ၁၉၀၉ ခုနှစ် အမေရိကမှာ စတင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ မတ်လရဲ့ နောက်ဆုံးပတ်ကို သတ်မှတ်ပြီး ကျင်းပခဲ့ကြတယ်။ ၁၉၁၁ မှာ ဥရောပနိုင်ငံတွေက မတ်လအတွင်းမှာပဲ အလုပ်လုပ်ခွင့်ပေးဖို့။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေပေးဖို့နဲ့ အလုပ်ခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြတယ်။ ပထမကမ္ဘာစစ်ပြိးစ ၁၉၁၃-၁၄ မှာမှ မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတယ်။ အဲဒီအချိန်က အမျိုးသမီးအခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများ ပါဝင်လာနိုင်စေရေးတို့အတွက် တောင်းဆိုလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။


အမျိုးသမီးများ ဒီလို နှစ်ပေါင်း ကိုးဆယ်နီးပါး ကြာအောင် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသော်လည်း ကမ္ဘာပေါ်မှာရှိတဲ့ အချို့နိုင်ငံတွေမှာ၊ နေရာတော်တော်များများဟာ အမျိုးသမီးတွေဟာ အခွင့်အရေးတွေ ဆက်လက်ချိုးဖောက်ခံနေရဆဲပဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေဟာ ပါလီမန်အဆင့်ထိ ရာခိုင်နှုန်းသုံးပုံတပုံ ပါရှိနေပေမယ့်လည်း တိုင်းပြည်ရဲ့ အခြားဒေသက အများစုအမျိုးသမီးတွေကတော့ ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်နဲ့ တရားဥပဒေကြောင်းအရ လွတ်လပ်ခွင့်တွေ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင်လည်း စစ်အုပ်စုရဲ့လက်အောက်မှာ အမျိုးသမီးတွေဟာ တန်းတူပညာသင်ယူခွင့်၊ လုပ်ငန်းခွင်အတွင်း လုံခြုံမှု။ ညီမျှမှုနဲ့ နိုင်ငံရေးအရပါဝင်မှုတွေမှာ ငြင်းပယ်ထားခံနေရဆဲ ဖြစ်ပါတယ်။ အဲဒီအပြင် တိုင်းရင်းသူအမျိုးသမီးတွေဟာလည်း အဓမ္မပြုကျင့်မှုတွေ ခံခဲ့ရ၊ ခံနေကြရဆဲ ဖြစ်ပါတယ်။ ကျမတို့ အမျိုးသမီးများ တန်းတူအခွင့်အရေးရရေးအတွက်ကို ကျမတို့ကိုယ်တိုင်နဲ့ အမျိုးသားများကပါ နားလည်မှုနဲ့ ပါဝင်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။


ကိုးကားချက်။ ကမ္ဘာ့ကုလသမဂ္ဂ ၀က်ဆိုဒ်၊ Al Jazeera (People & Power)

Monday, March 2, 2009

တွန်းလှည်း

တွန်းလှည်း


လောကကြီးထဲ

ငါ … ရှင်သန်ရဲလာတာ

နှစ်ခါလည်သာသာ။


ငါ့အသိုင်းအ၀ိုင်းရဲ့ ဟို့ တဖက်မှာ

ငါ့လိုလူတွေ

ဘ၀ကုံလုံ ပြည့်စုံနေတယ်။


ငါနဲ့ရွယ်တူ ကောင်မလေးက

ရွှေလင်ပန်းနဲ့များ အချင်းဆေးသလား။


ငါကရော . . .


ငါ

ရောင်စုံဘောလုံးကစားကွင်းလဲ

မရောက်ခဲ့ဖူးပါဘူး။


ရာကျော်တန် ရီမုကားလည်း

ငါမပိုင်ဘူး။


ဆံနွယ်နီရဲ အလှကဲတဲ့

ဗိုလ်မ၀၀ရုပ်လည်း ငါ့မှာမရှိဘူး။


ညနေနေအေး လေညင်းခံဖို့

စီးတဲ့ တွန်းလှည်း ငါမသိဘူး။


ငါရောက်ဖူးတာ

လမ်းတကာ။


ငါ့မှာရှိတာ၊

အဖာတရာ ဦးထုပ်တလုံး။


ငါသိတာက

အဟောင်းစုတ်တွေ စုပုံနေတဲ့

အမေ့ရဲ့ တွန်းလှည်း


ဒီလှည်းလေ

နေထွက်နေ၀င်

တနေကုန်ချင် မကုန်ချင်လည်း

နေပူခံလို့

ရီဆိုက်ကယ်ပစ္စည်းတွေနဲ့

ငါပျော်ရတယ်။


ကေဇီလင်း

ဇန်န၀ါရီ ၂၇၊ ၂၀၀၉


Thursday, February 26, 2009

Migrants workers news in Mae Sot

မဲဆောက်မြန်မာအလုပ်သမား ၃၀၀နီးပါး လက်မှတ်လိမ်မထိုး၍ အလုပ်ဖြုတ်ခံရ


NEJ /
၂၅ ဖေဖော်ဝါရီ ၂၀၀၉

မဲဆောက်ရှိ ဟန်ထိုင်း သိုးမွေးအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား တစ်ထောင်ခန့်အား လုပ်ငန်းခွင်အတွင်း လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ရရှိသည့် အကြောင်းကို စာချုပ်စာတမ်းဖြင့် လိမ်လည်လှည့်ဖြား၍ လက်မှတ်ထိုးခိုင်းခြင်းကို ကန့်ကွက်ခဲ့သည့် မြန်မာအလုပ်သမား (၂၉၃) ဦးကို ယမန်နေ့က အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်သည်။


ထိုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးတွင် မြန်မာအလုပ်သမား များက အရေးဆိုတိုင်ကြားသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အခြေအနေမှာ တင်းမာလျက်ရှိသည်။

မဲဆောက်မြို့ပြင် မဲကုကျေးရွာအမှတ် (၆၀၈) ရပ်ကွက်(၇) တွင် တည်ရှိသည့် HANG THAI KNITTING INDUSTRIAL.CO.LTD စက်ရုံတွင် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အတွက် မိမိတို့အား အလုပ်ဖြုတ် လိုက်ခြင်းဖြစ်သည်ဟု အလုပ်ဖြုတ်ခံရသူ မရီရီခိုင်က အခုလို လာပြီး အရေးဆိုရတာကတော့ ဟန်ထိုင်းစက်ရုံမှာ ကျမအလုပ်လုပ်ခဲ့တာ (၉၇) ကနေ အခုဆိုရင် ဆယ်နှစ်ကျော်ပြီ။ အလုပ်စ၀င်ချိန်မှာ လျှောက်လွှာတင်ခဲ့ရတယ်။ ဒီစာချုပ်ကို မချုပ်ခဲ့ရဘူး။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းကမှ စာချုပ်အသစ်ချုပ်ခိုင်းတဲ့ အတွက် ကျမတို့ မချုပ်ခဲ့ဘူး။ ဒီစာချုပ်ပါ နံပတ် (၅) အချက်က အလုပ်သမား အသစ်စမ်းသပ်ရက်ကို (၁၁၉) ရက် သတ်မှတ်တယ်။ ကျမတို့က အလုပ်သမား အဟောင်းဖြစ်တဲ့အတွက် ကျမတို့နဲ့မဆိုင်လို့ အဲ့ဒါကို လက်မှတ်မထိုး နိုင်ဘူး။ စာချုပ် နံပတ်(၁၀) မှာလည်း အပြစ်မရှိတဲ့ အလုပ်သမားကို အလုပ်ထုတ်လိုပါက တလကြိုတင် အကြောင်းကြားဖို့ဆိုတာ ပါတယ်။ အခုကြတော့ ကြိုတင် အကြောင်းကြားခြင်းမရှိပဲ မနေ့ကအလုပ်သမား (၂၉၃) ဦးကို အကြောင်းမဲ့ အလုပ်ဖြုတ် လိုက်တယ်။ ဒါကြောင့် အခုလိုလာပြီး အရေးဆိုတိုင်ကြားရတာပါ" ဟု ပြောသည်။

အလုပ်သမားတဦးဖြစ်သူ ဇော်မင်းသိန်းကလည်း ကျနော်တို့ကို အလုပ်ဖြုတ်တာကို စက်ရုံထဲမှာ စာကပ်ထားတယ်။ စက်ရုံ မန်နေဂျာတဦးဖြစ်တဲ့ ဖိပရာချာက မင်းတို့ရမယ့် နောက်ဆုံး လစာကို ပေးမယ်။ အခြားဘာနစ်နာကြေးမှ မပေးနိုင်ဘူး။ တိုင်ချင်ရာတိုင်လို့ရတယ်လို့ ပြောတယ်" ဟုပြောသည်။

မြန်မာအလုပ်အရေး လိုက်လံကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO တာဝန်ခံကိုသံဒုတ်က မနှစ် နိုဝင်ဘာ (၁၇) ရက်နေ့ အလုပ်သမားဌားရမ်း စာချုပ်မှာ စက်ရုံမန်နေဂျာက အလုပ်သမားတွေကို လက်မှတ် ထိုးခိုင်းတာရှိတယ်။ ဒီစက်ရုံမှာ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့် အပြည့်အ၀ ပေးပါတယ်ဆိုပြီးတော့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့တာရှိတယ်။ တကယ်တမ်းကြတော့ ဒီစက်ရုံက အလုပ်သမားတွေကို တစ်နေ့ (၁၁) နာရီခိုင်းတယ်။ အချိန်ပိုကြေးလည်း မပေးဘူး။ ပိတ်ရက်တလမှာ တရက်ပဲပေးတယ်။ အလုပ်သမားတွေက သည်းမခံနိုင်တဲ့အခါမှာ ဒီစာချုပ်ကို လက်မှတ် မထိုးပေးနိုင်ဘူးဆိုတာကို မနှစ်က နိုဝင်ဘာ (၁၇) ရက်နေ့မှာ ငြင်းဆန်လိုက်တယ်။ စာချုပ်ပါ အချက်တချက်က လက်မှတ်ထိုးပြီးတာနဲ့ အလုပ်သမားတွေဟာ အလုပ်သမားအသစ် ပြန်ဖြစ်သွားနိုင်တဲ့ အချက်ပါတယ်။ ဟန်ထိုင်း စက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ လုပ်သက် (၅) နှစ်ကျော် (၁၀) ကျော်ရှိတဲ့ လူတွေဖြစ်တယ်။ လူသစ်ပြန်ဖြစ်သွားတာနဲ့ တပြိုင်နက်သူတို့ရဲ့ အလုပ်သမားအခွင့်အရေး၊ နစ်နာကြေးတွေ ဆုံးရှုံးသွားမှာဖြစ်တယ်။ ဒါကြောင့်အလုပ်သမား တွေက လက်မှတ်မထိုးဘဲ ဆန့်ကျင်ခဲ့ကြတာဖြစ်တယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ နောက်ဆုံးမှာ ဇန်န၀ါရီလ (၂၇) ရက်နေ့မှာ အလုပ်သမား အခွင့်အရေးတွေကို ပေးပါ့မယ်ဆိုပြီး မဲဆောက်မှာရှိတဲ့ အလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးမှာ လက်မှတ်ထိုးခဲ့ကြတဲ့အဆင့်ကို ရောက်ခဲ့ကြတယ်။ ဒါပေမယ့် အခွင့်အရေး တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၂၉၃) ဦးကိုတော့ အလုပ်ရှင်က မနေ့က အလုပ်ဖြုတ်ပစ်လိုက်တယ်" ဟု ပြောသည်။

၎င်းက အလုပ်ဖြုတ်လိုက်တဲ့ စာထဲမှာ ရေးထားတာက အလုပ်လုပ်ရာမှာ စံချိန်စံညွှန်းမမှီလို့၊ အရည်အချင်းမရှိ လို့ဆိုပြီး ပြောတယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ သူတို့ရဲ့ နစ်နာကြေးတွေ ရှိတယ်။ (၁၀) နှစ် ကျော်ကြာတဲ့ အလုပ်သမားဆိုရင် သူ့ရပိုင်ခွင့်က (၈) လစာလောက်ရတယ်။ ဒီအလုပ်သမားတွေကို ခံစားခွင့် မပေးချင်တဲ့အတွက် ဥပဒေမဲ့ အကြောင်းမဲ့ မနေ့က အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်။ အလုပ်သမားတွေရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့ ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ဥပဒေနဲ့အညီ ပံ့ပိုးကူညီ ပေးသွားမှာဖြစ်တယ်" ဟုပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဟန်ထိုင်းသိုးမွေး အထည်ချုပ်စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ နိုင်ပရာချာထံသို့ စက်ရုံဖုန်းနံပတ် (၀၅၅-၅၅၁၂၀၈) သို့ ခေတ်ပြိုင်မှဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုပြီး ဖုန်းချသွားသည်။

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားများက မိမိတို့ နစ်နာကြေးရရှိရေးအတွက် အလုပ်သမားအခွင့်အရေး၊ ကာကွယ်ရေးရုံးမှ တဆင့် ဥပဒေကြောင်းအရ အရေးဆိုသွားမည်ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်း ခန့် အလုပ်လုပ် ကိုင်လျက်ရှိသည်ဟု ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စစ်တမ်းများအရသိရသည်။

Saturday, February 21, 2009

ဂီတစာဆိုကြီး ၃ ဦး နှစ် ၁၀၀ ပြည့်ပြီ။

ဂီတစာဆိုကြီး ဦး နှစ် ၁၀၀ ပြည့်ပြီ

Friday, 20 February 2009 16:53 ဇာနည်ဝင်း (ဧရာဝတီ)

ဂန္ထ၀င်မြောက် ဂီတစာဆိုကြီးများ ဖြစ်သည့် ရွှေတိုင်ညွန့်၊ ရွှေပြည်အေး၊ မြို့မငြိမ်းတို့၏ ယခုနှစ်တွင် ကျရောက်သည့် နှစ်တရာပြည့် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲကြီးကို ရန်ကုန်တွင် ပြုလုပ်မည်ဟု သိရသည်။

စာတမ်းဖတ်ပွဲကို ရှေ့လအတွင်း
ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်မည်ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ ထိပ်ထိပ်ကြဲ ပုဂ္ဂိုလ်ကြီး ဦးသည် ၁၉၀၉ ခုနှစ်တွင် မွေးဖွား
ခဲ့သော ဂီတစာဆိုတော်များဖြစ်သည်။

ဂီတစာဆိုကြီးတို့၏ ရာပြည့် အထိမ်းအမှတ် အဖြစ် မန္တလေးမြို့ FM ရေဒီယိုကလည်း ၎င်းတို့ ရေးဖွဲ့ခဲ့သော တေးသီချင်းများကို ယခုလမှ စတင်ပြီး ထုတ်လွှင့်ပေးလျှက်ရှိသည်ဟု သိရသည်။


မြို့မငြိမ်း (၁၉၀၉ - ၁၉၅၅)

မြို့မငြိမ်းသည် မြို့မတူရိယာအသင်းကို တည်ထောင်ခဲ့သူတဦး ဖြစ်ပြီး ခေတ်မီ တိုးတက်သော မြန်မာဂီတ အတီးအမှုတ်သမားများ ပေါ်ထွန်းရေး၊ မြန်မာသံစုံတီးဝိုင်းကြီး ပေါ်ထွန်းရေးကို အစဉ်တစိုက် လုံးပမ်းခဲ့သူဖြစ်သည်။

မြို့မတူရိယာအသင်း၏ မဟာဂီတ စံမူများကို ဒိုင်ခံ သင်္ကေတ ပြုစုပေးမည့် တဦးတည်းသော ရှားပါးပညာရှင်အဖြစ် ဟိုခေတ်ကပင် အသိအမှတ်ပြု လေးစားခဲ့ကြသည်ဟု ၎င်း၏ သားဖြစ်သူ ကိုရွှန်းမြိုင်(မြို့မ) ပြုစုသည့် ကမ္ဘာ့ဂီတ သင်္ကေတ နည်းပညာနှင့် မြန်မာ့မဟာဂီတ မြန်မာသီချင်းစာအုပ်တွင် ဖော်ပြထားသည်။

ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည် တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် မှတ်တမ်းတင်ထားသည်။

မန္တလေးဇာတိ မြို့မငြိမ်းသည် ပန်းချီ၊ ပန်းပု၊ ဂီတ စွယ်စုံကျွမ်းကျင်သော အနုပညာသည်ဖြစ်သည်ဟု ဒေါ်အမာက ရေးသားထားသည်။

ရွှေပြည်အေး (၁၉၀၉ - ၁၉၇၇)

ရွှေပြည်အေးသည် ခေတ်သစ် မြန်မာ့ဂီတကို ရှေ့ဆောင်ခဲ့သူတဦး ဖြစ်ပြီး ကာလပေါ် သီချင်းများ စပ်ဆိုရာ၌ ကျော်ကြားခဲ့သည်။ သီချင်းများကို ရေးဟန်မျိုးစုံဖြင့် ရေးဖွဲ့ခဲ့သူဖြစ်ပြီး ထင်ရှားသော သီချင်းများမှာ ကျေးစေတမန်၊ နန်းကေသီ၊ ချစ်မိုးစွေ၊ ရွှေလည်တိုင်၊ ခြင်းလုံး၊ ရွှေအိုးစည်၊ နားပန်းဆံ၊ ဗွေးတုတ်၊ ဥတုသုံးလီ၊ စိမ်း နှင့် စိမ်းသင့်မှစိမ်း စသည်တို့ ဖြစ်သည်။

ရွှေပြည်အေးသည် အသံတိတ်၊ အသံထွက်ကားများတွင် ရုပ်ရှင် နောက်ခံတေးများ ရေးစပ်သူ ဂီတပညာရှင် အဖြစ် နှစ်ကြာရှည်စွာ ရပ်တည်ခဲ့ရာ၊ လွတ်လပ်ရေးခေတ်မှ ၁၉၆ဝ ပြည့်နှစ်စွန်းကာလများအထိ ရုပ်ရှင်ဂီတခေတ်သည် ရွှေပြည်အေးခေတ်ဟု ခေါ်လျှင် မှားမည်မဟုတ်ကြောင်းစန္ဒရား လှထွဋ်၏ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်ကို ကိုးကားပြီး အလင်္ကာဂီတဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရွှေတိုင်ညွန့် (၁၉၀၉ - ၁၉၄၅)

ရွှေတိုင်ညွန့်သည် ရန်ကုန်မြို့ဇာတိ ဖြစ်သည်။ သူစပ်ဆိုသော သီချင်းများတွင် သူ၏အမည်ကို ထည့်သွင်း ရေးဖွဲ့လေ့ရှိသည်၊ သူ၏ လှေကလေး၊ ရှေးရေစက်၊ ဟေ၀န်နန်း၊ မိန်းမမြတ် သီချင်းများသည် အနောက်တိုင်း သီချင်းသံနှင့် စပ်ဆိုထားသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

တူရိယာမျိုးစုံကို နိုင်နိုင်နင်းနင်း တီးတတ်သူဖြစ်ပြီး သီချင်းကိုလည်း ပိုင်နိုင်စွာ သီဆိုတတ်သူ ပညာရှင်တဦးဖြစ်ကြောင်း၊ တနှစ်လျှင် သီချင်းပုဒ်ရေ ၈၀ ကျော် ရေးသား စပ်ဆိုခဲ့သူဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ် မဖြစ်မီက ထင်ရှားသော သီချင်း အများစုမှာ ရွှေတိုင်ညွန့်၏ သီချင်းများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းက ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းက ဆိုသည်။