စာဖတ်သူတို့ကို ဝေမျှချင်တဲ့ အဖြစ်အပျက်လေးတခုရှိပါတယ်။
ဒါကတော့ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြိ့မှာ အောက်တိုဘာ ၂၄ ရက် မနက်ကိုးနာရီလောက်မှာ ဖြစ်ခဲ့တာပါ။ စတုတ္တတန်း ကျောင်းသားလေးတွေဖြစ်တဲ့ မောင်မျိုးနှင့် သူ့သူငယ်ချင်း မင်းမင်းတို့နှစ်ယောက် သောကြာနေ့က စက်ဘီးကလေးနှင့် ကျောင်းကို အသွား မသူဇာလမ်းမကြီးလို့ ခေါ်ကြတဲ့ စာတိုက်အနီးက လမ်းဆုံလမ်းလေးခွလမ်းမှာ ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိခဲ့ကြတယ်။ ဆိုင်ကယ်က ဘယ်ဘက်ကို မီးပြထားတဲ့အတွက် မင်းမင်းကလည်း တည့်တည့်ကို ဆက်နင်းလာပါတယ်။ ဖြစ်ချင်တော့ ဆိုက်ကယ်က မီးပြထားတဲ့အတိုင်း မကွေ့ဘဲနဲ့ တည့်တည့်ဆက်မောင်းလိုက်ရင်းက တိုက်မိသွားတာပါ။ မောင်မျိုးက နောက်ကထိုင်ပြီးစီးတဲ့အတွက် တိုက်မိတဲ့အချိန်မှာ ခုန်ဆင်းလိုက်နိုင်လို့ ဒဏ်ရာ မဆိုသလောက်သာ ရပေမယ့် နင်းရတဲ့ မင်းမင်းကတော့ လက်ဖျံရိုး ကျိုးသွားပါတယ်။ စက်ဘီးက မောင်မျိုးရဲ့ စက်ဘီးပါ။ သူတို့နှစ်ယောက်က ဒီလိုပဲ အတူသွား၊ အတူလာ၊ အတူကစားနေကြပါ။
အခင်းဖြစ်ပွားပြီးတဲ့နောက်တော့ ဆိုက်ကယ်သမားက မင်းမင်းကို ဆေးရုံကို ပို့ပေးပါ။ ဆေးရုံက ဆရာဝန်ကတဆင့် သူတို့တက်နေတဲ့ မူလတန်းကျောင်း အမှတ် ၅ က ကျောင်းအုပ်ဆရာမကြီးဆီကို အကြောင်းကြားပါတယ်။
မင်းမင်းရဲ့ အဖိုးအဖွားတွေက မြို့မျက်နှာဖုံးတွေပါ။ အုပ်ထိန်းသူအဖွားက ခရီးသွားနေတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာဝန်တွေကပဲ အမှုဖွင့်လိုက်ပါတယ်။ တိုက်တဲ့ဆိုင်ကယ်ကိုလည်း ရဲက
သိမ်းလိုက်ပါတယ်။
နောက်တော့ ကျောင်းအုပ်ဆရာမကြီးက မောင်မျိုးရဲ့ မိခင်ကို ခေါ်တွေ့ပြီး မောင်မျိုးကို ကျောင်းက ထုတ်သွားဖို့ပြောပါတယ်။ မောင်းမျိုးရဲ့အမေက ဘာဖြစ်လို့ ကျောင်းက ထွက်ရမှာလဲလို့မေးတော့ “ဒီလောက်ဆိုးတဲ့ ကလေးကြောင့်” သူမရဲ့ ကျောင်း ဂုဏ်ကျရတယ်လို့ ပြောပါတယ်။ သူ့မိခင်က စာသင်နှစ်က နှစ်ဝက်တောင် ရှိနေပြီဖြစ်တဲ့အတွက် မထွက်နိုင်ဘူးလို့ပြောတဲ့အခါမှာတော့ ကျောင်းသားကိုရော မိဘကိုပါ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအပြင်ကို ကျောင်းသားမိခင်ကိုလည်း ခြိမ်းလားခြောက်လား လုပ်ပါသေးတယ်။ အမက ၅ ဟာ မြ၀တီမှာ အေအဆင့်နဲ့ စံပြဆုရထားတဲ့အတွက် ခုလိုစက်ဘီးတိုက်ရတာဟာ ကျောင်းဂုဏ်ကျစေပါသတဲ့။ ….
မောင်မျိုးအနေနဲ့ ကျောင်းဂုဏ်ကျပါစေတော့လို့ ရည်ရွယ်ပြီး စက်ဘီးနှင့် ဆိုင်ကယ်ကို သက်သက် ပေးတိုက်ခြင်းလည်းမဟုတ်။ မောင်မျိုးက စက်ဘီးရှင် ဖြစ်ပေမယ့် နင်းသူကလည်း သူကိုယ်တိုင် မဟုတ်။ ကျောင်းနှင့် အိမ်က အတန်ငယ် ဝေးသည့်အတွက် စက်ဘီးစီးသွားရတာသာဖြစ်တယ်။ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ ဒီလို ကျောင်းသားအပေါ်မှာ မစာမနာ ပြောတာ သိပ်ကို အံ့သြဖို့ကောင်းပါတယ်။ သူမကိုယ်ကို သူမသတိမထားမိတာကတော့ အဲဒီ အမက ၅ မှာပဲ ကလေးတွေကို စက်ဘီးဆုမဲတွေ သူမကိုယ်တိုင် မဲဖောက်ပေးခဲ့ပြီး ကလေးတွေကို စက်ဘီးစီးတာကို အားပေးခဲ့သူပါ။ အဲဒီကျောင်းအုပ်ဆရာမရဲ့ နာမည်ကတော့ ဒေါ်မြင့်မြင့်။
ဒါပေမယ့် မင်းမင်းရဲ့အိမ်မှာကျတော့ အထက်ကလိုမျိုး ခေါ်ပြောတာမရှိပါဘူး။ ခံဝန်ကတိလည်း မထိုးခိုင်းသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။…… မင်းမင်းကတော့ လက်ဖျံရိုးကျိုးတာကို မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့ပြီး ဆိုင်ကယ်သမားက မင်းမင်းရဲ့ ဆေးဖိုးဝါးခတွေ ပေးခဲ့ပါတယ်။
မောင်မျိုးရဲ့ မိခင်ဖြစ်သူက “ကျမသားလေးကို ကျောင်းမှာ ခွဲခြားဆက်ဆံမှာ နိုင်ထက်စီးနင်း လုပ်မှာစိုးလို့။ နောက်ပြီး စာသင်နှစ်ကလည်း နောက်လေးလလောက်ပဲ ကျန်တော့တာာမို့လို့ ကျမ အဲဒီကျောင်းအုပ်ဆရာမကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ စိတ်ကတော့ ဒေါသအတော်လေးထွက်မိတယ်။” လို့ မင်းမင်းရဲ့ အဒေါ် ဦးလေးတွေကို လာပြောပြနေခဲ့ပါတယ်။ မင်းမင်းရဲ့ အသိုင်းအ၀ိုင်းမှာတော့ အဲဒီကျောင်းအုပ်ဆရာမကြီးက မာမာထန်ထန်မပြောရဲပါဘူး။ ဥစ္စာပေါတဲ့သူတွေဆိုတော့ ဖားပြီး ဆက်ဆံပါတယ်။ အဲဒီတော့ မင်းမင်းတို့ အသိုင်းအ၀ိုင်းကလည်း ဒီဆရာမကို အဲဒီလောက် စိတ်ဓါတ်ယုတ်ညံ့သိမ်ဖျင်းလိမ့်မယ်လို့လည်း မထင်ဘူးပေါ့လေ။ ဒီဆရာမ မသိတာကတော့ မင်းမင်းတို့နဲ့ မောင်မျိုးတို့ဟာ ငါးနှစ်ကျော်ကြာ ရင်းနှီးခင်မင်လာကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတိုဆိုတာ မသိလို့၊ ဟိုတမျိုး ဒီတဖုံ ဆက်ဆံတာ။
ဆရာ ဆိုတာ ၀ါသနာ၊ စေတနာ၊ ဂရုဏာ ဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံမှ ဆရာကောင်း ဖြစ်တယ်တဲ့။ မြန်မာပြည်က ကျောင်းသူကျောင်းသားများလည်း ဒေါ်မြင့်မြင့်လို စိတ်ဓါတ်ရှိတဲ့ ဆရာ၊ဆရာမဆိုးများမှ လွတ်ကင်းဝေးပါစေလို့။
(အခင်းဖြစ်ပွားသည့်အချိန်ကစလို့ အစအဆုံး သိသူတဦး၏ ပြောပြချက်ကို ဝေမျှပေးခြင်းဖြစ်ပါသည်။)