Tuesday, October 21, 2008

အာဖဂန်နစ္စတန်မှ အမျိုးသမီးအခွင့်အရေးကာကွယ်ရေးဆုရှင်



နိုဘယ်ဆုရှင်အမျိုးသမီး ၆ ဦးအဖွဲ့ (Nobel Women's Initiative) အဖွဲ့သည် အာဖဂန်အမျိုးသမီး တဦးဖြစ်သူ မိုလာလိုင် ဂျိုယာ (Molalai Joya) အား သူမ၏ စွမ်းဆောင်မှုများအတွက် အန်နာပိုလစ်ကိုဗ်ကာယာ ဆု (Anna Politkovskaya Award) ချီးမြှင့်ခဲ့သည်။ ယင်းဆုရှင် မိုလာလိုင် ဂျိုယာ သည် အာဖဂန်နစ္စတန်ပါလီမန်၏ အသက် အငယ်ဆုံးပါလီမန်အမတ် ဖြစ်သည်။ သူမ၏ အာဖဂန်လူမျိုးများရှေ့ မားမားမတ်မတ် ရပ်တည် ပြောကြားချက်များကြောင့် မကြာခဏ ခြိမ်းခြောက်ခြင်းများခံရသော်လည်း သူမသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လူအခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ယင်းဆုသည် ရုရှားနိုင်ငံမှ သတင်းထောက်တဦးလည်းဖြစ်၊ အမျိုးသမီးရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးလည်း ဖြစ်သူ အန်နာပိုလစ်ကိုဗ်ကာယာကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အမျိုးသမီးအခွင့်အရေး ကာကွယ် မြှင့်တင်သူများကို နှစ်စဉ်နှစ်တိုင်း ချီးမြှင့်သော ဆုဖြစ်သည်။ အန်နာသည် ချေချင်းညာဒေသတွင်းရှိ ပဋိပက္ခဖြစ်ပွားမှုတွင် ရုရှားအစိုးရနှင့် ဆန့်ကျင်ပြီး ချေချင်းညာ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို သတ္တိရှိရှိ သတင်းပေးပို့ပေးခဲ့သူဖြစ်သည်။ သူမသည် လွန်ခဲ့သည့်နှစ်နှစ် အောက်တိုဘာလက သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

ဂျိုယာသည် အာဖဂန်လူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်သည့်အတွက် ၂၀၀၇ ခုနှစ် နွေဦးတွင် အာဖဂန်ပါလီမန်မှ ရပ်နားခြင်းခံခဲ့ရသည်။ နိုဘယ်ဆုရှင်အမျိုးသမီးများက ဂျိုယာကို အာဖဂန်ပါလီမန်တွင် ပြန်လည်လက်ခံဖို့ တောင်းဆိုထားသည်။ ၎င်းတို့ကပင် မြန်မာပြည်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ဂျိုယာသည်လည်း နေရာတိုင်းမှာရှိတဲ့ အမျိုးသမီးများအတွက် စံပြတယောက်ဖြစ်တယ်ဟု ပြောခဲ့သည်။ ဂျိုယာက သူတို့ ကျမကို သတ်လို့ရလိမ့်မယ်။ ဒါပေမယ့် ကျမရဲ့ အသံကိုတော့ သတ်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ အာဖဂန်အမျိုးသမီးအားလုံးရဲ့ အသံတွေဖြစ်လို့ပါပဲဟု ပြောခဲ့သည်။

ref: feministpeacenetwork

ကေဇီလင်း
၂၁ အောက်တိုဘာ ၂၀၀၈

No comments: