
လူရွှင်တော် ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်
ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈
သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။
လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ်ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလိုလို ဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော် ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများ ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကို ဆွမ်းကပ်တာတွေ လုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှတဆင့် စစ်အစိုးရကို ထိထိမိမိဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံ ဖမ်းဆီးအကျဉ်းချခြင်း ခံထားရသည်။
No comments:
Post a Comment