ဘလော့ဂ်လာလည်သူများအားလုံး နှစ်သစ်မှာ ပျော်ရွှင်မှု၊ စိတ်ချမ်းမြေ့မှု အပေါင်းနှင့် ပြည့်စုံပါစေလို့ ဆန္ဒပြုပါတယ်။ အနုပညာအရရော ဘလော့ဂ်နည်းပညာအရပါ အားနည်းတာရယ်၊ အကြောင်းကြောင်းတွေကြောင့် မအားလပ်ဖြစ်နေတာရယ်နဲ့ ကျမဘလော့ဂ်လေးမှာ ပို့စ်အသစ်တွေ မတင်နိုင်ခဲ့ဘူး။ ဘလော့ဂ်မိတ်ဆွေတွေက အသိအမှတ်ပြု လာလည်ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ပါတယ်။ ကျမကတော့ ကဗျာဆရာမဟုတ်သလို ကဗျာကိုလည်း တခါမှ မရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် စာတွေရေးချင်နေပြီး စာပေအနုပညာရှင်တယောက် ဖြစ်ချင်သူပါ။ အမေနဲ့ပတ်သက်တဲ့ ကဗျာလေးကိုတော့ ရေးချင်နေခဲ့တာ ကြာပါပြီ။
-------------
တောင့်တရသည် အမိရင်ခွင်
မပြည့်စုံမှု၊
ဘက်လိုက်မှု၊
နိုင့်ထက်စီးနင်းမှုတွေ
ပြွမ်းတီးနေတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ
လောကသခင်က
အမေ့ကို
သမီးဘ၀ထဲကနေ
အပြီးတိုင် ဆွဲခေါ်သွားခဲ့။
လူမှန်းသိတတ်စကတည်းက
အမေ လို့ ခေါ်ခွင့် မရခဲ့တဲ့ သမီး။
အမေ့မေတ္တာဆိုတာ
အေးမြတယ်၊ ငြိမ်းချမ်းတယ်တဲ့။
အမေ့ရင်ခွင်ဟာ
နွေးထွေး လုံခြုံတယ်တဲ့။
စာဖွဲ့သူတွေ အမျိုးမျိုးဖွဲ့သီခဲ့ကြပေမယ့်
ကျမမှာ
အဲသလို
လုံခြုံ နွေးထွေး ချမ်းမြေ့မှုကို
ရခဲ့တဲ့ အတွေ့အကြုံ မရှိခဲ့။
' အမေရယ်
သမီးကို ဘာကြောင့်
တယောက်တည်း
ထားခဲ့ရတာလဲ။'
ခဏခဏ
ကျမကိုကျမ
မေးမိခဲ့။
ကျမလည်းပဲ
ဟိုရောက် သည်ရောက်
ဝမ်းရေတထွာ သမုဒရာအတွက်
ရေကြည်ရာ မြက်နုရှာရင်း
တွေ့ကြုံဆုံခဲ့ ဘ၀ မြင်ကွင်းတွေကို
အမေသာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရင်..
အမေဟာ
ကျမဘက်က မားမားရပ်ပြီး
ခုခံ ဖြည့်ဆည်းပေးမယ့်သူဆိုတာ
ကျမ အကြွင်းမဲ့ ယုံကြည်တယ်။
ဘက်လိုက်မှုကို မနှစ်သက်တဲ့ အမေ
ထက်မြက်တဲ့ အမေဟာ
သမီးအတွက်တော့
ခန့်ညားတဲ့
မဟာတံတိုင်းကြီးပဲပေါ့။
ဒီခေတ်မှာ လူဖြစ်ရတဲ့
သမီးတို့တတွေဟာ
ပေဖြစ်တုန်းခံ
တူဖြစ်ရင်နှံ ရတဲ့ ဘ၀မျိုး။
ဘယ်လို
ဒုက္ခ သုခတွေပဲ ကြုံရ ကြုံရ
ကျမ အလိုချင်ဆုံး
အတောင့်တဆုံးက
မိခင်ရဲ့ အေးမြ ရင်ခွင်
နွေးထွေးတဲ့ ရင်ခွင်လေးပါပဲ။
ကေဇီလင်း
၃၁ ဒီဇင်ဘာ ၂၀၀၈။