Friday, December 19, 2008

International Migrant Day- 2008

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့


ဒီလ ၁၈ ရက်နေ့ဟာဆိုရင် ၉ ကြိမ်မြောက်ပြီဖြစ်တဲ့ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် အစီရင်ခံစာအရ နိုင်ငံတကာက ရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း ၇၅ သန်းကနေ သန်း ၂၀၀ အထိ တိုးတက်များပြားလာခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို တမ္ဘာလုံးမှာ တွေ့နေရတယ်လို့ ဆိုပါတယ်။ ထိုအစီရင်ခံစာကပဲ ရွှေ့ပြောင်းနေထိုင်ခြင်းက ဖွံ့ဖြိုးတိုးတက်မှု၊ လူဦးရေစာရင်းကောက်ယူမှုနှင့် ဒီမိုကရက်တစ်နည်းအရမညီမျှမှုတွေကို အရှိန်မြှင့်လာစေတယ်။ သို့သော်လည်းပဲ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရှိန်အဟုန်ကောင်းတဲ့ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးအားတွေကို မောင်းနှင်နေတဲ့အတွက် အစိုးရများက အသိအမှတ် လုံးဝပြုသင့်တဲ့ အရာလည်း ဖြစ်တယ် လို့ ဆိုပါတယ်။


အဲဒီလို တိုးတက်များပြားလာတဲ့ တကမ္ဘာလုံးရှိ ရွှေ့ပြောင်းအလုပ်သမား၏ အခွင့်အရေးများလေးစားရန်၊ ကာကွယ်ပေးရန်နှင့် ၎င်းတို့၏ ကြိုးပမ်းချက်များကို အသိအမှတ်ပြုသောအားဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကို နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ (International Migrant Day) အဖြစ်  ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း အစိုးရများ၊ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်တဦးချင်းစီအား ဖိတ်ကြားပြီး လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလွတ်လပ်ခွင့်နှင့် ပတ်သက်သော သတင်းအချက်အလက်များ မျှဝေခြင်းနှင့် အတွေ့အကြုံများနှင့် အကာအကွယ်ပေးနိုင်သော လုပ်ဆောင်မည့် အစီအစဉ်များလည်း ဝေငှရန် ဖိတ်ခေါ်ပါတယ်။


အိုင်အိုအမ်က မနေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းဖြစ်နေချိန်တွင် ရွှေ့ပြောင်းအလုပ်သမားများအား လက်မခံခြင်းမျိုး မပြုဘဲ ၎င်းတို့ဟာ စီးပွားရေးတိုးတက်မှု၊ စီးပွားရေးပြန်လည်နလန်ထစေခြင်းဖြင့် အကောင်းဘက်က လုပ်ဆောင်နိုင်မှုများ ရှိကြောင်းကို နိုင်ငံများအနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း ဖော်ပြထားပါတယ်။ စက်မှုထွန်းကားတဲ့နိုင်ငံတွေက နိုင်ငံသားတွေက ထိုအလုပ်တွေကို မလုပ်နိုင် သို့မဟုတ် လုပ်ချင်လေ့မရှိတာကြောင့် ထိုနိုင်ငံအတော်များများအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများကို လိုအပ်နေဆဲ ဖြစ်တယ်။ ၎င်းတို့အား ၀င်ရောက်ခွင့်မပြုခြင်းဟာ လူကုန်ကူးသူတွေ၊ ဖြားယောင်းသွေးဆောင်သူတွေရဲ့ ခေါင်းပုံဖြတ်မှု၊ ချိုးဖောက်ခံရမှုနှင့် အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းများကို တပတ်ပြန်လည်ဖြစ်ပွားစေရန် တွန်းအားပေးခြင်းသာ ဖြစ်တယ်လို့ အိုင်အိုအမ်ရဲ့ ဒါရိုက်တာချုပ်ဖြစ်သူ ၀ီလီယမ် လေစီ ဆွင်း က ဆိုပါတယ်။


နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့အခမ်းအနားကိုလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၂၁ ရက်တွင် အမှတ်တရ ကျင်းပမည် ဖြစ်သည်။

 

Ref:

IOM News release

http://www.timeanddate.com/holidays/un/international-migrants-day

No comments: