ဆယ်ကျော်သက်တုန်းက
စစ်ကျွန်ခေတ် ဘ၀ ဘ၀တွေ နွံနစ်ခဲ့ရ
အရာရာလွဲချော်နေတဲ့ ခေတ်ထဲ
နှစ်ဆယ်ကျော်တော့
တော်လှန်သူတွေ နာမည်ကြီးတဲ့ခေတ်
အစိတ်သားတွေ နေရာရတဲ့ခေတ်
ဖွနိုင်ရင် နာမည်ကြီးတဲ့ ခေတ်
ယုံကြည်မှု တည်ဆောက်နေရတဲ့ ခေတ်
ကလစ်တချက်မှားရင် အရာရာ ပြန်မရနိုင်တော့တဲ့ ခေတ်ထဲ
...
...
...
မဝေးတော့သော သုံးဆယ်ကျော်မယ့် ကာလမှာ
ယုံကြည်မှုတွေ ခိုင်မြဲပြီး ငြိမ်းချမ်းသော ဘ၀များ ပိုင်ဆိုင်မယ့် ခေတ်ဆီသို့ .....
ကေဇီလင်း
ဇူလိုင် ၂၃၊၂၀၁၃
Tuesday, July 23, 2013
Friday, July 19, 2013
ဇူလိုင် တစ်ဆယ့်ကိုး
မနက် ၁၀း၃၇ မှာ
လူထုတွေကိုယ်စီ
ဥသြဆွဲကြ၊ ဟွန်းတီးကြ၊ ငြိမ်သက်အလေးပြုကြ
ဂုဏ်ပြုကြတာတွေ
မြင်ရ ကြားရတာ ပီတိဖြစ်ရပါဘိ။
ဥသြသံမဆွဲချင်တဲ့ အစိုးရက
ဘယ်လိုဆင်ခြေပေးပေး။
ပြည်သူက ဂုဏ်ပြုထိုက်သူတွေကို
ဘယ်တော့မှ မမေ့။
လူစည်ကားတဲ့ အာဇာနည်ကုန်းမှာ
တကူးတကလာလေ့လာကြတဲ့ ဗိုလ်ချုပ်ပြတိုက်မှာ
ကြည်နူးစရာတွေပါ။
လူကိုယ်တိုင် မရောက်နိုင်သေးတဲ့ နယ်ခြားကနေ
ကျမလည်း တနေ့တော့
ရောက်ရပါမည်။
စိတ်ရည်မှန်ရင်း မုဒိတာပွားနေမိ။
စစ်အာဏာရှင်စနစ်ဆိုးကြောင့်
ကျမတသက် ဒီလို
ညီညာဖျဖျ ဂုဏ်ပြုခြင်းမျိုး
မျက်ဝါးထင်ထင် မကြုံခဲ့ဖူး။
၂၅ နှစ်နီးပါး တိမ်မြုပ်ခဲ့ရတဲ့ ဒီဓလေ့။
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုးတဲ့။
တကယ်လည်း စိတ်ထဲမှာ
ညှိုးရတဲ့ နေ့တနေ့ပေါ့။
(၆၆ အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်အလေးပြုပါသည်။)

Thursday, July 11, 2013
မိုးည
မိုးည
ဖန်မီးရောင် အဖြူ အစိမ်း
ခရမ်း အနီ ၀ါကျင်ကျင် အနက် စုံ
မတုန်မလှုပ် ငြိမ်နေတယ်။
ညနဲ့ထပ်တူ
အုံ့မှိုင်းမှိုင်း တိမ်မဟူရာ နဲ့အပြိုင်
ဖားလေးတွေ ပုရစ်လေးတွေ
စကားလက်ဆုံကျနေကြတယ်။
ဒီည မိုးလာမယ်လို့များ ပြောနေသလား။
မနားစတမ်းကွယ်။
မိုးမှာပျော်တဲ့
အကောင်စုံလေးတွေ အသံကြားတော့
ရွာကို လွမ်းတယ်။
ကေဇီလင်း
ဇူလိုင် ၁၁၊ ၂၀၁၃
မယား ၃ ယောက်ရှိသူ
မယား ၃ ယောက်ရှိသူ
တရက် တက္ကစီစီးတော့ ဈေးအမှန်ဆုံး တောင်းတဲ့ ကားသမားလူကြီးတဦးနဲ့ဆုံတယ်။ သူက ကျမ အရင်စီးနေကျကားတွေထက် ငါးရာကျပ်လျော့တောင်းတယ်။ ဆိုတော့ ကျမစိတ်ထဲ တန်လိုက်တာပေါ့လေ။ (တကယ်က ကိုယ်က အရင်က အမြဲ ပိုတောင်းခံနေခဲ့ရတာ)။
ဆူးလေကနေ အိမ်ပြန်လမ်းတလျှောက် နာရီဝက်ကျော်ကြာခရီးမှာ သူ့ဝင်ငွေ အကြောင်း အလုပ်အကြောင်းကို ပြောပြလာခဲ့တယ်။ သူပြောပြတဲ့ စကားတွေထဲက မှတ်မှတ်ရရ တခုက တက္ကစီမောင်းသမားတယောက်မှာ မိန်းမ ၃ ယောက်ရှိသတဲ့။ စကြားတော့ လန့်သွားတယ်။ များလှချည်လားပေါ့။ ဒါနဲ့ သူ ဆက်ပြောပြတာကိုပဲ နားထောင်နေလိုက်တယ်။
မယားကြီးကတော့ အိမ်မှာနေတဲ့တယောက်ပေါ့တဲ့။ ကားအုံနာက မယားငယ်၊ ဓါတ်ဆီက မယားလတ်တဲ့။ ကားမောင်းသမား အကြောက်ရဆုံးတယောက်က မယားငယ် - သူ့ကိုကျ ပိုက်ဆံတပြားတချပ်မှ မလျော့အောင် အပ်ရတယ်။ သတ်မှတ်သလောက်ပေးရတယ်။ မယားလတ် - ဓါတ်ဆီ - ကျတော့လည်း လုံလောက်အောင် ထဲ့ပေးရတယ်။ ကျန်သလောက် ပိုက်ဆံကတော့ အိမ်က မယားကြီးအတွက်တော့။ အကြီးဆိုတော့ ပါသလောက် ယူ။ အထွန့်တက်လို့မရတဲ့သူတွေပေါ့တဲ့။
သူ့နမူနာကလည်း ဟုတ်သား။။ အဲ့ဒါကြားပြီးတော့ အတွေးတခု-၂ ခု ၀င်လာတယ်။ မိသားစုတွေမှာ အိမ်ရှင်မတွေအတွက် ကိုယ့်ယောက်ျားဆီက လုပ်ခ ၀င်ငွေက အိမ်ထောင်တခုအတွက် မလောက်င ကြတာတွေ တပုံကြီးရှိတယ်။ အဲ့ယောက်ျားတွေမှာလည်း မယားလေးတွေ ဘယ်နှယောက်လောက်တောင် ရှိလိမ့်မလဲ။ ။။။
နောက် မြန်မာ့လူ့အသိုင်းအ၀ိုင်းမှာ မြန်မာအမျိုးသမီးတွေက ကောင်းတဲ့နေရာဖြစ်ဖြစ် ဆိုးတဲ့နေရာဖြစ်ဖြစ် အမြဲပဲ နမူနာအဖြစ် ပြခံကြရတယ်။ အဲလို ပြောမှ ပိုမြင်တတ်ကြလို့လာ။ အမျိုးသမီးဆို သြဇာညောင်းသူ၊ ငွေမက်သူ၊ ကြောက်ရသူအဖြစ် တင်စားကြသလို ပြောသလို လုပ်၊ ပေးသမျှယူ ပြောသမျှယုံတဲ့ သူတွေလို့လည်း နှိမ့်ချ မြင်တဲ့ အမြင်က ခုထိ မပျောက်သေးပါလားလို့။ ။။
(ကျမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးဖူးတဲ့ notes အား ပြန်ရှဲခြင်းသာ)

Subscribe to:
Posts (Atom)