Saturday, October 18, 2008

စက်ရုပ်လူသားဖြစ်ကြရသူများ

မနေ့ညက ဆယ်နာရီခွဲလောက်မှာ တီဗွီထိုင်ကြည့်နေရင်း မြန်မာ့အသံကို ပြောင်းကြည့်မိတယ်။ အဲဒီမှာ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲရဲ့ အဆိုပြိုင်ပွဲကို ကြပ်ပြေးနေပြည်တော်မှာ ကျင်းပခဲ့တာကို ကြည့်ခဲ့ရတယ်။ (အရင်ကတော့ တခါမှ မကြည့်ခဲ့ပါဘူး။ အခုက ကျမသားလေးက မြန်မာအကဆိုရင် သိပ်ကြိုက်တာလေ။ ဆိုင်းသံ ကြားရင် လိုက်ကနေရော။ အဲဒီတော့ ကလေးကလည်း မအိပ်သေးဘဲ ဂျီတိုက်နေတော့ အကများလာမလားလို့ မြန်မာ့အသံကို ဖွင့်ပေးထားလိုက်တာ။) အဆိုပြိုင်ပွဲဆိုရင် အရင်ကတော့ ကျမကြည့်မိသလောက်ဆိုရင် မြန်မာ့သီချင်းကြီးတွေကို အဆိုပြိုင်တာပါ။ အခုနောက်ပိုင်းမှာတော့ ခေတ်အကြိုက်ဆုံးတေးတွေကို အဆိုပြိုင်တာလဲ ပါလာပါပြီ။ ဒါဘာဖြစ်လို့ ကျမပြောနေတာလဲ ဆိုပြီး စာဖတ်သူတို့ မေးချင်ပါလိမ့်မယ်။ ဒီလိုပါ။

အဲဒီမှာ အမျိုးသားအဆိုပြိုင်ပွဲမှာ သီချင်းတပုဒ်ကိုပဲ ပြိုင်ပွဲဝင်သူတွေ ၀ိုင်းဆိုနေတာပါ။ သီချင်း ခေါင်းစဉ်တော့ မသိလိုက်ပါဘူး။ ခေါင်းစဉ်ကြေငြာပြီးမှ တီဗွီဖွင့်လိုက်လို့လေ။ သီချင်းကလည်း ခေတ်အကြိုက်တေးသာဆိုတယ် နအဖရဲ့ အကြိုက်တေးပါ။ သီချင်းကတော့ ဘာသီချင်းပဲ ဖြစ်ဖြစ်ပါလေ။ ခေတ်အကြိုက်တေးဆိုပြီး စက်ရုပ်လိုပဲ ဆိုနေကြရတဲ့ အနုပညာကို ၀ါသနာပါတဲ့ ကျမတို့ ပြည်သူတွေရဲ့ ဒုက္ခလေးတွေကို ဝေဖန်ပြောပြချင်တာပါ။ ဆိုတဲ့ပုံကလည်း ကြည့်ပါအုံး။ ထိုင်ပြီးဆိုကြရတယ်။ ယခုခေတ်အကြိုက်တေးဆိုတာ မတ်တပ်ရင်သင့်ရပ်၊ လှုပ်သင့်ရင်လှုပ်၊ ကသင့်ရင်ကမှ ဆိုတဲ့လူကလည်း ဖီးစ်ဝင်၊ ထိုင်ပြီးအားပေးနေတဲ့သူတွေ အတွက်လညှ်း ကြည့်လို့ကောင်း၊ နားထောင်လို့ကောင်းမှာပါ။ တယောက်ဆိုပြီးတိုင်းလည်း အောက်က ကြည့်နေသူတွေက ထုံးစံအတိုင်းပဲ လက်ခုပ်ဝိုင်းတီးကြပေါ့။ အင်း …

အမျိုးသားအဆိုပြိုင်ပွဲလဲပြီးရော၊ အမျိုးသမီးပညာရှင်အဆင့် အဆိုပြိုင်ပွဲ လာပါတယ်။ ဒီတခါမှာတော့ ပြိုင်မယ့်သီချင်းခေါင်းစဉ်ကို သေသေချာချာ မှတ်ထားလိုက်ပါတယ်။ သီချင်းက အဆိုတော်ယုဇနရဲ့ “ပန်းတိုင်းပွင့်စေ” တဲ့။ ဒီတခါလဲ အဆိုပြိုင်တဲ့ အမျိုးသမီးတွေက ထိုင်ပြီးတော့ပဲ ဆိုကြရပါတယ်။ ဒီအခါမှာ ပိုပြီး မြင်သာတာကတော့ သီးချင်းက မြူးကြွကြွနဲ့မို့ တေးသွားနဲ့အတူ ဆိုသူတွေကလည်း လှုပ်ချင် ရမ်းချင်ကြတယ်။ ဒါပေမယ့် သူတို့ခမျာမှာ ခန္တာကိုယ်အပေါ်ပိုင်း နဲ့ ခေါင်းလောက်ကိုသာ ဖြည်းဖြည်းချင်း လှုပ်နေကြရတယ်။ အဲဒီတော့ သူတို့ပုံစံက ဘာနဲ့တူသလဲဆိုတော့ စက်ရုပ်တွေကို ချထားပြီး ရီမုကွန်ထရိုးနဲ့ ထိန်းထားပြီးတော့ သီချင်းသံထည့်ပေးထားတာနဲ့ တော်တော်တူတယ်။

ဒါကို အမှတ်ပေးတဲ့သူကတော့ ဘယ်လိုအမှတ်ပေးလဲ ကျမ မသိပါဘူး။ ကျမကြည့်ဖူးတဲ့ American Idol အမေရိကန်က အဆိုတော်ရွေးပွဲ၊ ပြိုင်ပွဲမှာတော့ အဆိုပြိုင်သူတွေဟာ ပရိသတ် ဆွဲဆောင်မှုရှိအောင် အမူအရာနဲ့တကွ ဆိုပြနိုင်မှ အောင်မြင်တာပါ။ ပရိသတ်ကို မကြည့်ဘဲ သူ့ဟာသူ မျက်စိမှိတ်ပြီး ဖီးစ်နဲ့ ဆိုနေရင်လဲ မဖြစ်ပါဘူး။ ဘယ်သူကမှလည်း တချိန်လုံး ထိုင်ရက်နဲ့ မပြိုင်ကြပါ ဘူး။ သီချင်းဆိုရင်လည်း တပုဒ်တည်းကိုပဲ လူတိုင်းမဆိုပါဘူး။ သီးချင်းသုံးလေးပုဒ်ကိုပေးထားပြီး ကိုယ်ကြိုက်တာကို ကိုယ်အသံနဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး ဆိုနိုင်ပါတယ်။ ဆုံးဖြတ်ပေးတဲ့ ဒိုင်ကလည်း ဆိုပြီးတာနဲ့ ချက်ချင်းဆိုသလို အားသားချက်၊ အားနည်းချက်တွေကို ဝေဖန် ထောက်ပြပါတယ်။ ပြီးရင်လည်း တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ တတိုင်းပြည်လုံးက ပရိသတ်အကြိုက်ဆုံး အဆိုရှင်ကို မဲပေးကြပါတယ်။ မဲအရေအတွက်ပေါ်မှာ မူတည်ပြီးတော့ အနိုင်ရကြပါတယ်။ နောက်ဆုံး အနိုင်ရသူဟာ ပြည်သူကအမှန်တကယ်ချစ်တဲ့ အနုပညာအဆိုတော် ဖြစ်လာတာပါပဲ။

ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလိုပြိုင်ပွဲကြီးမျိုးတွေ မရှိသေးပါဘူး။ သို့သော်လည်းပဲ အပတ်စဉ် တနင်္ဂနွေနေ့ ညနေမှာလာတဲ့ “သံစဉ်များနဲ့ ကမ္ဘာ (Melody World)” လိုမျိုးတော့ သီချင်းဆိုပြိုင်ပွဲတွေကတော့ မဆိုးပါဘူး။ ဒါပေမယ့် မနေ့ညက နအဖရဲ့ အဆိုပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့သူတွေကတော့ ဘယ်လို ရည်မှန်းချက်တွေထားပြီး ၀င်ပြိုင်လဲဆိုတာတော့ မသိဘူး။ အဲဒီလို စက်ရုပ်ဆန်ဆန် ဆိုနေရသူတွေအတွက်တော့ တတိုင်းပြည်လုံး ပရိသတ်တွေက ချစ်တဲ့ လက်ခံတဲ့ အနုပညာရှင် ဖြစ်လာနိုင်ပါ့မလား။

No comments: