Sunday, February 15, 2009

ကလေးများနေ့မှာ

ကျမဘ၀မှာ ထိုင်းမြန်မာနယ်စပ်ကို မထွက်လာခင်က ကျမတို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့တယ်ဆိုတာ မသိရှိခဲ့ပါဘူး။ (ကျမက န၀တ၊ နအဖလက်ထက်မှာမှ လူဖြစ်ရတာကိုးနော့)၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄ နှစ်ပြည့်မွေးနေ့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားလေးကို ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားကလေးတွေ အတွက် အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (စော) က ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဗိုလ်ချုပ်မိန့်ခွန်းဟောပြိုင်ပွဲ၊ ကဗျာ၊ ပန်းချီ၊ စာစီစာကုံးနဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။ ထူးချွန်ဆုရရှိသူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ ကျမအကြိုက်ဆုံးကတော့ ဗိုလ်ချုပ်မိန့်ခွန်းဟော ပြိုင်ပွဲပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေဟာ ငယ်ရွယ်ပေမယ့်လည်း သူတို့ဟာ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကို ဗိုလ်ချုပ်က ပြောနေသလို တိကျပြတ်သားစွာ ပြောဆိုနိုင်တယ်။


ဗိုလ်ချုပ်မွေးနေ့လည်းဖြစ် ကလေးများနေ့လည်းဖြစ်တဲ့ ဒီနေ့မှာပဲ စောအထက်တန်းကျောင်းမှာ တက်ရောက် ပညာသင်ယူနေတဲ့ ကလေးများရဲ့ ယခင်နှစ်က ပညာရေးထူးချွန်ဆုကိုလည်း ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ အမှတ်တရဖြစ်စေတဲ့ နေ့တနေ့ပါ။ မြန်မာပြည်တွင်းမှာဆိုရင် ပညာရည်ချွန်ဆုပေးပွဲတွေကို အခုလို နေ့ထူးနေ့မြတ်တွေမှာ ပေးတာမျိုး မရှိသလို ကလေးများနေ့ဆိုပြီးလည်း သတ်မှတ်ကျင်းပတာမျိုး အလျင်း မရှိတာပါပဲ။ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ရဲရင့်မှု၊ တိုင်းပြည်က ဘယ်လိုမှ မမေ့အပ်တဲ့ လွတ်လပ်ရေး ဖခင်ကြီးရဲ့ စွမ်းဆောင်ချက်တွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် ရည်ရွယ်ပြီး ကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တဲ ဒီနေ့ကို ဆက်လက်မကျင်းပဘဲထားတဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်မာမှုတွေကတော့ ပြောမကုန်နိုင်အောင်ပါပဲ။


အဲဒီနောက်ပိုင်း ကလေးတွေအတွက် ဆောက်ထားတဲ့ ကစားကွင်းမှာ ကလေးများ ပျော်ရွှင်စွာ ကစားကြပါတယ်။ မြန်မာပြည်တွင်းက ကလေးများလည်း ကလေးများနေ့မှာ လွတ်လပ်ပေါ့ပါးစွာ အပူအပင်ကင်းစွာ ပျော်ရွှင်မြူးတူးနိုင်မယ့်နေ့ အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း။။။



1 comment:

Kaung Kin Ko said...

ကလေးများနေ့ အကြောင်းဖတ်သွားပါတယ်။း-)