Friday, February 6, 2009

Registration of migrants postponed

အလုပ်သမားလက်မှတ်သက်တမ်းတိုးခွင့် ရွှေ့ဆိုင်းထား။

ဘန်ကောက်ပို့စ်သတင်း

၅ ဖေဖော်ဝါရီ ၂၀၀၉


စီးပွားရေးကျဆင်းနေသည့်ကာလအတွင်း ထိုင်းအလုပ်သမားများအတွက် အလုပ်ရစေရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားသား အလုပ်သမား ၇၀၀ ၀၀၀ ၏ မှတ်ပုံတင်ခြင်းကို ရွှေ့ဆိုင်းထားသည်။ ထိုင်းအလုပ်သမားရေးရာဝန်ကြီး ပိုင်တွမ်ခွယ်သွမ်က အလုပ်မရှိသော ထိုင်းလူမျိုးများ အလုပ်ရစေရန်အတွက် မှတ်ပုံတင်ခြင်းကို မတ်လကုန်အထိ ရွှေ့ဆိုင်းထားမည်ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ဒုဝန်ကြီးချုပ် စနန်ကချွန်ပရာဆတ်ဦးဆောင်သော အလုပ်သမားစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။


မှတ်ပုံတင်ခြင်းကာလပြီးဆုံးပြီးလျှင် နိုင်ငံခြားသား တရားမ၀င်အလုပ်သမားများကို ဖမ်းဆီးမည့် အစီအစဉ် စတင်လိမ့်မည်ဟု မစ္စတာပိုင်တွမ်က ပြောခဲ့သည်။ ဒီလတွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံခြားသားအလုပ်သမားများသည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၈ ရက်အတွင်း သက်တမ်းတိုးရမည် ဖြစ်သည်။


မတ်လ ၁၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့်အုပ်စုများသည် မတ်လ ၁၃ ရက်မှ ၂၄ ရက်အတွင်း သက်တမ်းတိုးရမည် ဖြစ်သည်။ ထိုအုပ်စုသည် ရာလ၊ ပါတနီ၊ နရာသီဝပ်နှင့် ဆုန်ခလ ခရိုင်များအတွက်သာ ဖြစ်သည်။


နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တဦးက ဗိုလ်ချုပ်စနန်သည် အလုပ်သမားဝန်ကြီးဌာနအား နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်သော အလုပ်အမျိုးအစားများကို ကြည့်ရန်ပြောသည်ဟုလည်း ပြောပြခဲ့သည်။


ဗိုလ်ချုပ်စနန်သည် ထိုင်းအလုပ်သမားများအတွက် အလုပ်ရရှိရေးကိုသာ အဓိကထားပြီး အလုပ်ရှင်များမှ သတ်မှတ်ထားသော လုပ်ခလစာအတိုင်း ပေးရန် လိုအပ်ကြောင်း၊ မပေးပါက တရားဥပဒေအတိုင်းရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။


ref: Bangkok post news on February 5, 2009

No comments: