Sunday, December 23, 2012

ဒီဇင်ဘာနဲ့ ရောက်တက်ရာရာ

ဒီဇင်ဘာနဲ့ ရောက်တက်ရာရာ


ရေးရမယ့် စာကို မရေးချင်
စိတ်လွင့်ရာနောက်
တကောက်ကောက်နဲ့
တောင်မြောက်တွေးတော
ကာရန်မပါ စာကဗျာကိုသာ
ရေးဖို့ တွင်တွင် အားဝင်နေမိပါရဲ့။


နှစ်ထောင့်ဆယ့်နှစ်မှာ
ကမာပျက်မယ်ဆိုတော့
မဆီမဆိုင် ရှိစုမဲ့စုလေးတွေ
ပုံအော သုံးပစ်လိုက်ချင်စိတ် ဖြစ်မိရဲ့

နှစ်ဆယ့်တရက် ဒီဇင်ဘာ
ပျက်မယ် ပျက်မယ်
ဒတ်လိုင်းတင် ထင်ခဲ့ကြပေမယ့်
အခုထိတော့
ပကတိအတိုင်း လှုပ်ရှားသက်ဝင်နေလေရဲ့

မနှစ်က ဒီဇင်ဘာ၊ ခရစ်စမတ်နဲ့ နှစ်သစ်မှာ
ချစ်ခင်သူ မိသားစုတွေနဲ့ အတူရှိနေခဲ့ပေမယ့်
ဒီနှစ်ရဲ့ နောက်ဆုံးလ 
ကျမနဲ့ သားငယ်
ခုနှစ်လွှာ ထောင့်စွန်းမှာ
အဝေးတောင်ပေါ်ဘုရားကို နေ့တဓူဝ ဖူးမျှော်
ပျင်းရော်ရော်နဲ့
ချစ်သူပြန်လာမယ့်နေ့ လက်ချိုးရေနေရပေါ့

အာရုဏ်မနက် ကလာကာ ဖွင့်တော့
နေခြည်နုနုကိုခံစား
နောက်တော့ ဘေးနားက အိမ်ဆောက်သံ  
လေယာဉ်ပျံဝဲသံ အရေးပေါ်လူနာတင်ကားသံ
ကားသံ၊ မီးပန်းမီးရှုးဖောက်သံ
ဗလံစုံ နားဆင်ရင်း
တမိုးချုပ်ရပြန်။



ကေဇီလင်း
ဒီဇင်ဘာ ၁၃၊ ၂၀၁၂

No comments: