Sunday, December 23, 2012

လောရှီးရဲ့ လက်ဖက်ရည်ဆိုင်


၁၉ ရာစုနှောင်းပိုင်းကနေ ၂၀ ရာစု နှစ်ဝက် (၁၈၉၈ - ၁၉၄၈ ခုနှစ်) အတွင်း တရုပ်ပြည်ပီကင်းမြို့က လက်ဖက်ရည်ဆိုင် တဆိုင်အကြောင်း နောက်ခံရေးထားတဲ့ ပြဇာတ်စာအုပ်တအုပ်ကို တလောလေးကပဲ ဖတ်ပြီးတယ်။ ဆရာမြသန်းတင့်က တရုပ်စာရေးဆရာ လောရှီးရေးတဲ့ Tea house ကို ဘာသာပြန်ပြီး ၂၀၀၃ ခုနှစ်က ထွက်ပေါ်လာခဲ့တာပါ။ တရုပ်ပြည်မှာသာမက ဂျပန်၊ အမေရိကန်နဲ့ အနောက်ဂျာမဏီ နိုင်ငံတို့မှာလည်း ထင်ရှားကျော်ကြားခဲ့တဲ့ ပြဇာတ်လို့ ဘာသာပြန်သူရဲ့ အမှာစာမှာ ရေးထားပါသေးတယ်။

ဒီပြဇာတ်ထဲက လက်ဖက်ရည်ဆိုင်ရဲ့ ထူးခြားချက်၊ နှစ် ငါးဆယ်အတွင်း မပြောင်းလဲတဲ့ အချက်က ‘နိုင်ငံရေးအကြောင်း မပြောရ” ဆိုတဲ့ ဆိုင်းဘုတ်ကလေးက ဆိုင်မှာ အမြဲတမ်း ချိတ်ထားရာကနေ မဆင်းရတာပဲတဲ့။ ယနေ့အချိန်ထိလည်း တရုပ်ပြည်မှာ နိုင်ငံရေး ၀က်ဆိုက်တွေ အွန်လိုင်း ဆွေးနွေးပွဲတွေကို ပိတ်ပင်နေဆဲပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ထက်မနည်း ထွန်းကားခဲ့တဲ့ လူထုကြား နိုင်ငံရေးမဆွေးနွေးရဆိုတဲ့ အယူအဆဟာ တရုပ်နိုင်ငံမှာ ဒီနေ့ချိန်ထိ ထွန်းကားနေဆဲလို့ သတင်းတွေကတဆင့် ကြားဖူးနေတယ်။ နောက် အသစ်စက်စက် သူငယ်ချင်း တရုပ်မလေးကလည်း အခုထိလည်း အဲလိုပါပဲလို့ သူ့ကိုယ်တွေ့ ပြောတာလည်း မှတ်သားမိတယ်။

အိမ်နီးချင်းနိုင်ငံကြီးရဲ့ သမိုင်းကို အနည်းအကျဉ်းပဲ သိတဲ့ ကျမက တအံ့တသြ စိတ်ဝင်တစားဖတ်ဖြစ်တယ်။ အနောက်ဘက် အမေရိကန် ပြည်ထောင်စုသမိုင်းနဲ့ သမတအစဉ်အဆက်အကြောင်းတွေ လေ့လာဖူးပေမယ့် ကိုယ်နဲ့ကပ်နေတဲ့ နိုင်ငံတွေအကြောင်းတော့ ဂဏနဏ မသိတာ ဆိုးပါ့။ :( စာအုပ်ခေါင်းစဉ်ကို စတွေ့တုန်းက (ညာဘက်အောက်ထောင့်က Tea house by Lao She စာသားကို မတွေ့ဘဲ) မြန်မာ့ယဉ်ကျေးမှုမှာလည်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလေ့အထတွေ ရှိတာမို့ မြန်မာပြည်ရဲ့ လက်ဖက်ရည်ဆိုင်တွေအကြောင်း ရေးထားတယ် ထင်ခဲ့မိတာ။ မကြာသေးခင် ဆယ်စုနှစ်တွေက မြန်မာလက်ဖက်ရည်ဆိုင်တွေရဲ့ ယဉ်ကျေးမှုမှာလည်း နိုင်ငံရေးဆွေးနွေးမှုတွေ ကျယ်ကျယ်လောင်လောင် လုပ်ခွင့်မရှိခဲ့တာ အမှတ်ရနေမိတယ်။

စာဖတ်သူတို့လည်း အဲ့စာအုပ်လေး မဖတ်ရသေးရင် ဖတ်ဖို့ လက်တို့လိုက်ပါတယ်။ ဖတ်အပြီး တွေးတောစရာတွေ ကျန်ရစ်ခဲ့တယ်လေ။

No comments: