Sunday, December 13, 2015

အမှိုက်ကောက်သူများ ကျေးဇူးပါ

ခရမ်းရောင် လက်သန်းပိုင်ရှင်တွေ အဆုံးအဖြတ်ပေးခဲ့တဲ့ မြန်မာပြည်ရဲ့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲကြီးပြီးလို့ တလကျော်ကြာခဲ့ပြီ။ (ကိုယ်ကတော့ သမိုင်းဝင်ရွေးကောက်ပွဲအတွက် အလုပ်တာဝန်နဲ့ ခရီးထွက်ရတာမို့ ကြိုတင်မဲပေးခဲ့ရတာကြောင့် ခရမ်းလက်သန်းပိုင်ရှင်တော့ မဖြစ်ခဲ့ပါ။ သို့သော် ဘယ်လိုနည်းဖြင့်ဖြစ်စေ တသက်တာမှာ ပထမဦးဆုံး ဆန္ဒပြုခဲ့ရသည့်အတွက် ပျော်ရွှင်ရပါတယ်။)

ဒီကနေ့ ရွေးချယ်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး တနိုင်ငံလုံးအနှံ့ အမှိုက်ကောက်ကြတဲ့ စနေ၊ တနင်္ဂနွေ ရက်သတ္တပတ်လည်း ဖြစ်တယ်။ အမှိုက်ကောက် ကမ်ပိန်းကို အားလုံးက ကိုယ့်အသိနဲ့ကိုယ် ပါဝင်ကြတယ်။ ကြည်နူးစရာ မြင်ကွင်းတွေကို ဖေ့ဘုတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ဆိုရှယ်မီဒီယာ အသုံးပြုသူရော သတင်းဌာနတွေရဲ့ စာမျက်နှာတွေကပါ မြင်ရတယ်။ မြန်မာပြည်မှာတော့ ဖေ့ဘုတ်လူမှုကွန်ယက်က လူသုံးအများဆုံးမို့ “မျက်နှာစာအုပ်” မှာဝင်ကြည့်ရုံနဲ့ ဗဟုသုတ အထွေထွေကို ခရီးစရိတ်မကုန် စာတွေ့မြင်တွေ့နိုင်ပေသည်။  ပြည်ပရောက် မြန်မာတွေအတွက် အလွမ်းပြေပေါ့။ :)

တချို့လည်း အမြင်မတူတာတွေ ပြောကြ ရေးကြရင် အမှိုက်ကောက်တာကို ဝေဖန်တာ၊ ထောက်ခံတာလည်း ရှိရဲ့။ တချို့ သရော်စာရေးတတ်သူများကတော့ စာတပုဒ်အဖြစ် ဖန်တီးကြပီ။ ထိုသူတို့အား အားကျမိသည်။

NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှိုက်ကို စနစ်တကျ ပစ်ခြင်းသည် ဘ၀အလေ့အကျင့်သာ ဖြစ်သည်။ ထို အမှိုက်ကောက် ကမ်ပိန်းကိုလည်း ပုံမှန်လုပ်ဆောင်သွားမည်ဟု ဆိုသလို သူမ ကိုယ်တိုင်လည်း သူမကိုယ်စားပြုတဲ့ ကော့မှူးမြို့နယ်မှာ စံပြအဖြစ် ဦးဆောင်ပြီး အမှိုက်ကောက်ခြင်းအမှု ဆောင်ရွက်ခဲ့ပါတယ်။ သြဇာကြီးလှတဲ့ သူမ စကားကို ပြည်သူအများစုက နားထောင်ပြီး လိုက်ပါဆောင်ရွက်ကြတယ်။ တချို့ကလည်း သူမကို ပြည်သူ့ အာဏာရှင် ၊ တချို့ကလည်း သြဇာရှင် လို့ တင်စားကြတယ်။ ကျမကတော့ သြဇာရှင် လို့ မြင်မိတယ်။

ဘာပဲပြောပြော အရင်ဆို ရန်ကုန်ရောက်လေတိုင်း အမှိုက်တွေနဲ့ ပြည့်နေတဲ့ လမ်းကြားတွေ၊ စာသင်ကျောင်းရှေ့က အမှိုက်ပုံကြီးတွေနား ဖြတ်သွားရတာ၊ မိုးတွင်းဆို အနံ့အသက်မကောင်းလို့ အသက်ရှုမ၀တာတွေ မကြုံရတော့ဘူးပေါ့။ အမှိုက်ကောက်ရာမှာ ပူးပေါင်းပါဝင်သူများ ကျေးဇူးပါ။




Tuesday, November 4, 2014

ဓနုတို့ တောင်တန်းနဲ့ ရေပြာအိုင်

   
   လှပတဲ့ ပန်းချီကားတွေနဲ့ခပ်ဆင်ဆင် ရှုခင်း၊ အေးစိမ့်စိမ့်လေတွေ ရှုရှိုက်ရင်း ပေ ၄၀၀၀ ကျော်အမြင့်ရှိတဲ့ ရှမ်းတောင်တန်းကို ဖြတ်သွားတဲ့ချိန် ရလိုက်တဲ့ ခံစားချက်က သိပ်ကို လွတ်လပ်တယ်။ စိတ်ထဲ ကြည်ပြီး အရာရာကို ဓါတ်ပုံရိုက်ချင်စရာ။ တရိပ်ရိပ်ပြေးနေတဲ့ တိမ်တွေရယ်၊ လမ်းတဖက်စီက နွဲ့ယိမ်းနေတဲ့ ယူကလစ်ပင်တန်းတွေရယ် ခပ်ဝေးဝေးကမြင်ရင် ပန်းချီကားထဲက အစက်အပြောက်လေး တွေလား ထင်ရတယ်။ အဲ့လိုထင်ရပေမယ့် အနီးကပ်လာတာနဲ့ အမျှ ကျောက်တောင်တွေ ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင် ကတော့ စိမ်းစိုနေတဲ့ စပါးခင်းတချို့၊ ဂေါ်ရခါးသီးစိုက်ခင်းတွေ၊ ထောပတ်သီးပင် ကော်ဖီပင်နဲ့ နှစ်ရှည်ပင်ကြီးတွေပေါ့။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ 
မြစ်ချောင်း အိုင်ငယ်ပေါတဲ့ ရှမ်းပြည်။ မြူတွေဖုံးပြီး တောင်တွေနဲ့ တိမ်ထိလုလု၊ တချို့ တောင်တွေမှာ တိမ်တွေနဲ့ ထိနေတဲ့ ဒေသ၊ လမ်းပန်းဆက်သွယ်ရေး အတော်အသင့် ကောင်းတဲ့အထဲပါပြီး ဥတုရာသီအေးတဲ့ ဒေသမှာ ရှမ်းတိုင်းရင်းသားအများစုအပြင် တခြား ပအို့ဝ်၊ ပလောင်ဝ်၊ ဓနု၊ အင်းသား၊ တောင်ရိုး စတဲ့ စတဲ့ တိုင်းရင်းသားအုပ်စုငယ် လေးတွေလည်း သူ့နေရာနဲ့သူ နေထိုင်ကြတယ်။ ရှမ်းပြည်ရဲ့ ကုန်သွယ်မှုပြုရာမြို့ဖြစ်တဲ့ အောင်ပန်း မြို့ကလာရင် ၁၀ မိုင်အကွာ လမ်းခွဲမှာ အတွင်းလမ်း တဖက်ခြမ်း ၁၃ မိုင်ထပ်ဝင်ရင် ဂူအတွင်း ဗုဒရုပ်ပွားတော်တွေကြောင့် နာမည်ကြီးတဲ့ ပင်းတယကို သွားလို့ရသလို ကျန်တဲ့တဖက်ခြမ်း မန္တလေးကို အပြန်လမ်းဘက်မှာ ဓနုတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တွေ့ရမယ်။ 


ရေပြာအိုင်သို့ အဆင်းလမ်း
ဓနုအပိုင်ဒေသ ရွာငံမြို့နယ်အစ ၇ မိုင် မှာပဲ ရေပြာအိုင်ဆိုတဲ့ သဘာဝရေအိုင် တခုကို တွေ့ရတယ်။ မြသပိတ်ရေပြာအိုင်လို့ နာမည်ပေးထားပြီး တောကျယ်ရွာအစမှာ လမ်းညွှန် ဆိုင်းဘုတ်ကလေးတွေ ကပ်ထားတယ်။ ဆိုင်းဘုတ်ကပ်ထားတဲ့ လမ်းဘေးမှာပဲ ရေကန်ကြီးကြီးတခုတွေ့လို့ ဒီရေ မပြာပါလားဆိုပြီး စောဒက တက်လိုက်သေးတယ်။ (တကယ်က ရေပြာအိုင်ဆီ မရောက်သေးတာ။ :) ) ဒီရေပြာအိုင်အကြောင်း လူမှုကွန်ရက်တွေမှာ ပျံ့လာတာ ဒီ ၂၀၁၄ ခုနှစ်မှ။ အနီးနား တောကျယ်ရွာက ဆရာတော်နဲ့ ရွာသူရွာသားတွေက မြသပိတ် ရေပြာအိုင်ကို အလည်လာသူတွေ အလွယ်တကူ ဆင်းကြည့်လို့ရအောင် လှေကားလေးဖောက်ပြီး အိုင်ကိုလည်း ကာထားပေးတယ်။ 

ဆရာတော်ရဲ့ သတိပေးချက်
သိပ်မကျယ်လှတဲ့ အိုင်က တောင်တွေကြားက လျှိုနက်နက်ထဲ ဖြစ်ထွန်းနေတဲ့ပုံမျိုးနဲ့ တူပါတယ်။ ရေပြာအိုင် ပတ်လည်မှာ တော့ မြယာပင်သစ်ပင်ကြီးနဲ့ တခြား လူတဖက်စာမကတဲ့ အပင်တွေ ကြောင့် အေးပြီး စိမ့်နေတယ်။ သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ကန်ကို နေရောင်က ရသလောက်ကနေ ထိုးဖောက် ဖြာဝင်နေ တာကြောင့် ရေပြာပြာကို ပိုကြည်စေပြီး ငါးကလေးများ ကူးခတ် နေတာ ကိုလည်း တွေ့ခဲ့ရသေးတယ်။ ကန်အစပ်ကတော့ မြေပျော့ပြီး ကျွံဝင်နိုင်တဲ့ အတွက် ဘောင်ခတ်ထားတဲ့ နေရာကပဲ ကြည့်ပြီး ပြန်ရင်တော့ အန္တာရာယ်ကင်းနိုင်ပါတယ်။ အိုင်ဆီ မရောက် ခင်က ရေပြာပြာဆိုတာ သိမ်းထားချင်လို့ ဗူးနဲ့ ခပ်ယူလာမဟဲ့ လို့ စိတ်ကူးထားတာလေးက ကန်အစပ်က မြေပျော့ပျော့ကြောင့်ပဲ လက်လျော့ခဲ့ရတယ်။ :-(

တောကျယ်ရွာက မြသပိတ်ရေပြာအိုင်
ရွာငံမြို့ဆိုတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ရှမ်းပြည် အောင်ပန်းမြို့နယ်ကနေ မန္တလေးတိုင်း ကျောက်ဆည်မရောက်ခင် ဟန်မြင့်မိုရ် ရွာနဲ့ နယ်နိမိတ်ဆက်တယ်။  တောင်တွေကို အလယ်ကပတ်ပြီး လမ်းဖောက်ထားတယ်။  အောင်ပန်း - ရွာငံ - ဟန်မြင့်မိုရ်လမ်းက လမ်းတလျှောက်ကတော့ လမ်းချော မဟုတ်လို့ ကားကို ထိန်းပြီး မောင်းရတယ်။ အဆင်းသတိထားရသလို မန္တလေးဘက်က လာတဲ့ အတက် သမားတွေ အတက် အတော်မက်စောက်တဲ့ လမ်းမျိုး။ ကားကို ဖြည်းဖြည်း မောင်းရတော့ သဘာဝ ရှုခင်းကိုလည်း တ၀ကြီး ကြည့်ခွင့်ရတာပေါ့။ (အောက်သူအောက်သားဆိုတော့ ထောပတ်သီးပင် မမြင်ဘူးလို့ သေချာကြည့်ခဲ့သေး။ ထောပတ်သီးတွေကတော့ မရင့်သေး။)

ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးကြော်
အင်းလေးကအပြန် အောင်ပန်းမှာလည်း မနက်စာမစားခဲ့ဘဲ ရွာငံထိတက်တော့ လမ်းမှာဗိုက်ဆာတာနဲ့ ရေပြာအိုင်မရောက်ခင် ရွာတရွာမှာ မနက်စာဝင်စားဖြစ်တယ်။ ကားလမ်းဘေးက သပ်သပ်ရပ်ရပ် တည်ထားတဲ့ ဆိုင်ကလေးမှာ။ ဆိုင်ရှေ့ ရပ်ကြည့် လိုက်တာနဲ့တင် သန့်ရှင်းနေတာတွေ့တော့ စားချင်စိတ်တွေ ပိုတိုးသွားတာပေါ့။ ခရီးတထောက် နား ခရီးသည်တွေအတွက်တော့ သိပ်ကိုအဆင်ပြေတယ်။  ဓနုတိုင်းရင်းသားတို့ရဲ့ အစားအသောက်က ရိုးရှင်းတယ်။ ရှမ်းတွေလိုမျိုး ကောက်ညှင်း၊ ခေါပုတ်၊ တို့ဟူးနွေး၊ တို့ဟူးကြော် နဲ့ ရှမ်းခေါက်ဆွဲတွေ။ ဒေသလက်ရာ ရှမ်းစာကို မြိန်ရေ ယှက်ရေ စားခဲ့ရတာ။ ဒါ့အပြင် ဖော်ရွေ တတ်တဲ့ မြန်မာပြည်က တိုင်းရင်းသားတွေရဲ့ စိတ်ထားကောင်းတဲ့ဓလေ့နဲ့ ရက်ရောမှု တွေကြောင့် ပီတိဖြစ်ရသေးတယ်။ကျမတို့က ရေနွေးဝယ်ချင်လို့ ရေနွေးရောင်းပေးပါလားလို့ မေးတော့ - ဒီလမ်းဘက်ကို ပြန်ရောက်မယ်ဆိုရင် ဓါတ်ဘူးပါ ယူသွားပါလို့ (ရေနွေးဖြည့်ထားတဲ့ ဗူးကိုကိုင်ပြီး) ပြောတယ်။ မန္တလေးကို တက်မှာ ဖြစ်တဲ့အကြောင်းနဲ့ တခါပဲသွားမှာမို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ရိုးရိုးရေသန့်ဗူးမှာ ရေနွေးကို ထဲ့ယူလာတယ်။ သောက်လို့ကောင်းလိုက်တဲ့ လက်ဖက်ရည်ကြမ်းရယ်။ 

       ဓနုတို့ စကားသံက ၀ဲတယ်။ လမ်းမှာ တွေ့တဲ့ ရွာသားတွေ (ကျောင်းဆရာမပါမကျန်) ကို လမ်းမေးရင် သူတို့ စကားသံ ၀ဲဝဲလေးနဲ့ ၃-၄ မိုင်ခရီးကိုလည်း အရမ်းဝေးတယ်လို့ ပြောကြတယ်။ သူတို့ ပြောတာလည်း ဟုတ်နေပြန်တယ်။ တနေရာနဲ့ တနေရာ ၇ မိုင် ၈ မိုင်ဆိုပေမယ့် ကားနဲ့ တောင် တော်တော်ကြာ မောင်းရပါတယ်။ လမ်းတွေကလည်း ကားတစီးခွဲစာပဲ ဖောက်ထားတဲ့ လမ်းတွေမို့ ကားနှစ်စီးယှဉ်လာရင် တဖက်က အောက်ချ ရပ်ကိုရပ်ပေးရတာကြောင့် ခရီးတွေလေးဖင့်ရတာပ။ အောင်ပန်း-ရွာငံ-ဟန်မြင့်မိုရ်ကို မိုင် ၈၀ လောက်ပဲ ဝေးပေမယ့် တောင်လမ်းမို့ ၆ နာရီကျော်လောက် ကြာအောင် သွားရတယ်။ ဟန်မြင့်မိုရ်ဆိုတာလည်း စိန်တလုံး သရက်တွေ လှိုင်လှိုင်ထွက်တဲ့ ဒေသပေါ့။ ကိုယ်သွားတဲ့အချိန်ကတော့ သီးနှံရာသီချိန်မဟုတ်လို့ မမြင်ခဲ့ရ။ ဒီလမ်းကို သွားဖူးသူ မောင်ငယ်လေးက ဒီဇင်ဘာဆို ပန်းတွေပွင့်ချိန် စိုက်ခင်းထဲက ရောင်စုံအလှက ဒီထက် ပိုလှပါသေးသတဲ့။ ကျမတို့သွားတာ အောက်တိုဘာဆိုတော့ ဆောင်းမရောက်ခင် စပ်ကူးမတ်ကူးကာလ။ တနေ့ခရီးဆိုပေမယ့် ရွာငံမြို့ရဲ့ ရှုခင်းကြည့်ရတာနဲ့တင် စိတ်လက်ပေါ့ပါးခဲ့ရတဲ့ road trip တခုပါပဲ။ 

ကေဇီလင်း
အားလပ်ရက်အမှတ်တရ (အောက်တိုဘာ ၂၀၁၄)



Wednesday, April 23, 2014

၂၁ ရာစုရဲ့ သူလိုလူ


မိတ်ဆွေရင်းမဟုတ်ပေမယ့်
စိတ်တွေ အလင်းရအောင်
သူ့စာ စကားတွေဆီက သင်ယူခွင့်ရခဲ့တယ်။

သတင်းအတွက် သူ့အမြင်ကို
အင်တာဗျူးတွေတောင်းတိုင်း
စိတ်ရှည်ရှည်ဖြေပေးတတ်သူ
စိတ်ဓါတ်ခွန်အားပေးသူ
သတင်းစာပညာကို အသက်ထက်ဆုံး ချစ်မြတ်နိုးသူ
ကျင့်ဝတ် စောင့်သူ
နိုင်ငံရေးသမားထက်
သတင်းစာသမားသာ ဖြစ်ချင်သူ
သူလိုလူ

စစ်အစိုးရ အကျဉ်းထောင်ထဲမှာ နှစ်အရှည်ကြာဆုံး နေခဲ့ရသူ
၁၉  နှစ်ကြာ ရက်စက်ကြမ်းကြုတ်မှုတွေ ဖိနှိပ်မှုတွေကို အံတုပီး မှန်ရာကို ပြောရဲသူ
သွားတွေ မရှိတော့ပေမယ့် ထောင်ထမင်းကြမ်းကို အသက်ဆက်နိုင်ဖို့ မြိုချခဲ့သူ
သူလိုလူ

ကွန်မြူနစ်ပဲဆိုဆို hardliner လို့ပဲ သမုတ်မုတ်
ဒီမိုအရေးအတွက် မဆုတ်မနစ် လုပ်ဆောင်သူ
သူလိုလူ

မူမမှန် လူမမှန်လို့မဟုတ်ဘဲ
အများအကျိုး ဆက်လက်ပေးကမ်းနိုင်ဖို့ တကိုယ်တည်းနေပီး လက်တွဲဖော် မရှာခဲ့သူ
အသက်ထက်ဆုံး နိုင်ငံရေးမှာ မြှုပ်နှံထားသူ

သတင်းစာမှာ တနေ့ အနဲဆုံး ၁၅ နာရီ အလုပ်လုပ်ပြီး ကလောင်ခွဲတွေနဲ့ နာမည်မခံဘဲ သတင်းစာကြီးပွားတိုးတက်ရေးကို ရှေ့ရှုလုပ်ဆောင်သူ၊ သတင်းသမား စာရေးဆရာ ကဗျာဆရာ

အဘိုးအရွယ် ၈၀ ကျော်ပေမယ့် လေသံမပျော့ မာန်မလျော့ဘဲ ဒီမိုခေတ်ပြောင်း စနစ်ပြောင်းမှာ ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့သူ

သံမဏိ လူသား သတင်းစာဆရာကြီး
၂၁ ရာစုရဲ့ ၂၁ ရက် တနင်္လာ မနက်မှာ အားလုံးကို စွန့်ခွာသွားပေမယ့်
သူ့ဝိဥာဏ် တော်လှန်သတ္တိနဲ့
ခေတ်စကားတို့ သမိုင်းတွင်နေဆဲ။

ဘဘ (ဟံသာဝတီ) ဦးဝင်းတင် (၁၉၃၀-၂၀၁၄) အား အဝေးမှ ဦးညွတ်ပါ၏။

ကေဇီလင်း
ဧပြီ ၂၃၊ ၂၀၁၄


Wednesday, April 9, 2014

ပိတောက်ခင်းလမ်း

ပန်းပိတောက်ဖူးကြွေ ခင်းထားတဲ့ ပိတောက်ခင်းလမ်းဘေးနား ဖြတ်လျှောက်တိုင်း မွှေးပျံ့ပျံ့ပန်းရနံ့ကြောင့် စိတ်တွေ လန်းဆန်းသွားရတယ်။ အရွက်သေးသေး အပွင့်ဝါ၀ါ ပိတောက်ပွင့်အပြည့်နဲ့ အပင်ကြီးက မြင်ရသူတိုင်း စိတ်ချမ်းသာစေတယ်။ မနက်ည ရုံးသွား ရုံးပြန် အဲ့အပင်အောက် ဖြတ်တော့ ပိတောက်ရနံ့ကို တ၀ကြီး ရှုရှိုက်ရတာလည်း အရသာ။

ဒီအချိန်ဆို အိမ်ကို လွမ်းတာ၊ မြန်မာပြည်ကို လွမ်းတာမှာ ရွှေရည်လူးတဲ့ သင်္ကြန်ပိတောက်မြင်တော့ အလွမ်းတ၀က် လျော့ရတာပေါ့။ ကျမနေတဲ့ ဇင်းမယ် ခေါ် ချင်းမိုင်မြို့မှာတော့ ဒီပိတောက်ပန်းတွေကို ခူးသူလည်း မမြင်မိ။ ပင်မြင့်ထက်မှာ သူ့အတိုင်းပဲ ပွင့်နေတယ်။ အချိန်တန်တော့ ကြွေကျတော့လည်း နှမြောတဲ့သူ မရှိသလိုပဲ။ သင်္ကြန်မတိုင်ခင် မိုးနှစ်ခါတိုင်တိုင် ရွာပီးလို့ ပိတောက်ပင်တွေကလည်း နှစ်ခါ ပြန် ပြန်ပွင့်နေပြီးတာပေါ့။ ခူးမယ့် ကိုင်းဆွတ်မယ့်သူ မရှိတော့ အပင်ထက် ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှ မွှေးချင်တိုင်း မွှေးနေတော့တယ်။ မြန်မာပြည်မှာဆိုလိုကတော့ အကိုင်းခူး၊ ပိတောက်ခက်ခြွေ၊ ပိတောက်ပန်းပွင့်တာနဲ့ ဈေးမှာ အလွယ်တကူ ၀ယ်လို့ရနေတော့ ပျိုပျို အိုအို မေတို့ ခေါင်းမှာ ပိတောက်ပန်းကိုယ်စီနဲ့ပေါ့။

ထိုင်းတွေက မြန်မာတွေလို ပန်းပန်လေ့ ရှိသူမှ မဟုတ်။ ပန်းမှ မဟုတ် တွေ့ဖူးသမျှ လူနေအိမ်ဝင်းထဲမှာ စိုက်ထားသမျှ သီးပင် စားပင် ဥပမာ သရက်ပင် လိုမျိုးမှာတောင် အသီးငယ်ငယ်ဆို ခူးလေ့ မရှိတာ တွေ့ရတယ်။ ထိုင်းမှာ အပင်စုံ တွေ့ရတယ်။ မြန်မာပြည်ရဲ့ နိုင်ငံတော်ပန်း ဖြစ်တဲ့ ပိတောက်ပန်းကို မြန်မာပြည်ရဲ့ အများပြည်သူ သွားလာ အပန်းဖြေရာ အရပ်တွေမှာ တွေ့ရနည်းလေ့ ရှိပေမယ့် ထိုင်းရဲ့ ကားလမ်း တော်တော်များများရဲ့ လမ်းဘေး ၀ဲယာ တဖက်စီမှာ တန်းစီ စိုက်ထားတာကို တွေ့ရတယ်။ အထူးသဖြင့် ဇင်းမယ် လေယာဉ်ကွင်းလမ်း၊ ကျုံးပတ်လည်နဲ့ အမြန်ကားလမ်းတွေ အပြင် လူနေရပ်ကွက်တလျှောက် လမ်းတော်တော်များများမှာ အိမ်ခြံဝင်းတွေထဲမှာ တွေ့ရတတ်တယ်။ လသင်္ကြန် ဧပြီဆို ဘယ်နေရာလေးရောက်ရောက် ဆိုင်ကယ်ပေါ်ကနေ ပိတောက်နံ့လေးတွေ ရတတ်စမြဲ။။

ပိတောက်ပင်ကြီး ပင်ငယ်တွေ တွေ့တိုင်း၊ အသီးတွေ ပြွတ်သိပ်နေတဲ့ ခူးသူမဲ့ သီးပင် စားပင်တွေ တွေ့တိုင်း ကျမ သတိယတတ်တာက ထိုင်းနဲ့ မြန်မာ သစ်ပင် ထိန်းသိမ်းတတ်တဲ့ စိတ်ဓါတ်တွေ ကွာသွားပီဆိုတာပဲ။ ပိတောက်ခက်တွေ အကိုင်းတွေ ချိုးဖဲ့ပြီး ခေါင်းထက် ပန်ဆင်တတ်တဲ့ အိမ်မှာ မွှေးအောင် အကိုင်းခတ်တွေ ဆင်ထားတတ်တဲ့ မြန်မာတွေထက် ပန်းကို သူ့အပင်မှာသာ ထားပြီး မွှေးရနံ့ ကို သဘာဝအတိုင်း မွှေးပျံ့နေစေတာ က သဘာဝကို မြတ်နိုးတတ်အောင် ထိုင်း အခြေခံပညာရေး စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ အသိကြောင့် ပဲလား ဆိုပြီး လျှောက် စဉ်းစားမိသေး။ ဘယ်လိုပဲ စဉ်းစားမိပစေ ခပ်နိမ့်နိမ့် ပိတောက်ခက် ကို မှီရင်ဖြင့် လှမ်းဆွတ်လိုက်ချင်စိတ်တွေကတော့ တဖွားဖွား။။

ကေဇီလင်း
ဧပြီ ၉ ၊ ၂၀၁၄

Tuesday, February 25, 2014

အပင်နဲ့ ဖုတ်ကောင်


အပင်နဲ့ ဖုတ်ကောင် (Plant Vs. Zombie) ဖိုင်ကို မြန်မာရုပ်ရှင်တခုရဲ့ အရေးကြီးတဲ့ ဒေတာ ခိုးယူတဲ့အခန်း ရိုက်ထားတယ်လို့ စတေးတပ် ဖတ်လိုက်ရတုန်း သားသားရဲ့ ပြောစကား တခုကို သွားသတိယတယ်။ အပင်နဲ့ ဖုတ်ကောင် ဂိမ်းကို သားသားသိပ်ကြိုက်တာပေါ့။ အဲ့ဂိမ်းက အပင်လေးတွေစိုက်ပြီး ဥယျာဉ်ကြီးကို ကာကွယ်ရတာ။ အပင်ကို လာစားတဲ့ ဇမ်ဘီး ဖုတ်ကောင်ကို ဂေါ်ဖီထုပ်၊ ပဲတောင့်၊ အာလူး စတာတွေနဲ့ ပစ်ပီး အပင်တွေကို ကာကွယ်ရတာ။ သားက ဂိမ်းကို ဘယ်လောက်ထိ စွဲလန်းသလဲဆို အိမ်မှာ ဂိမ်းထဲကလို အပင်စိုက်မယ်ဆိုတာချည်းပဲ ပြောလို့ မနည်းတားရတယ်။

တနေ့ကျတော့ ကျမတို့ မိသားစု အိမ်အသစ်ပြောင်းဖို့ လိုက်ရှာရင်း ခရစ်ယာန် သချိုင်းတခုဆီ ရောက်သွားတယ်။ နေနေတာ ၃၊ ၄ နှစ်ရှိနေပေမယ့် ဒီသချိုင်း ရှိမှန်း အရင်က မသိခဲ့ဘူး။ နောက် တပတ် ၂ ပတ် ကြာတော့ သားကပြောတယ်။ ဒီလမ်းမှာ ဇမ်ဘီလူဆိုးတွေ ရှိတယ်တဲ့။ အဲ့ဒါကြောင့် သားတို့ ဒီနားမှာ မနေတာနော် အမေ... သားတို့အပင်တွေ လာစားမှာစိုးလို့..တဲ့။
ကျမတော့ ပြုံးလိုက်ရတာ။ ကလေးအတွေးများ ချစ်စရာ။ <3

Wednesday, November 6, 2013

AEC နဲ့ သင်ရိုးညွှန်းတမ်း

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (ASEAN ECONOMIC COMMUNITY) အတွက် ထိုင်းနိုင်ငံရဲ့ ပြင်ဆင်မှုတွေသေချာ လုပ်နေတာကို သွားလာရင်း သတိထားမိတယ်။ အဲဒီထဲ တခုက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အာဆီယံ ၁၀ နိုင်ငံအကြောင်း မိတ်ဆက် သင်ကြားပေးခြင်းပါ။ သိသာလာတာက ၂၀၁၂ စကတည်းက မူကြိုအရွယ် ကလေးငယ်တန်းတွေ စသင်ကြားပေးနေတာပါပဲ။

အိမ်မှာ မြန်မာလို သာမန် အသုံးတွေသာ ပြောလေ့ပြောထ ရှိတဲ့ ကျမ သားသားက မနှစ်တုန်းက ကျမကို "မင်္ဂလာပါ မေမေ" လို့ပြောစဉ်က ကျမ အံ့သြသွားတယ်။ ကျမက သူ့ကို မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် ဆိုတာ သီးသီးသန့်သန့် မသင်ထားရသေးဘူး။ သားဘယ်လိုတတ်တာလဲ မေးတော့ သားကျောင်းမှာ သင်တယ်တဲ့။ စာမေးပွဲမှာလည်း အာဆီယံ ဘာသာရပ်ဆိုပြီး သီးသန့် ဖြေကြရတယ်။ သားဆရာမကလည်း ပြောတယ်။ အာဆီယံ ဘာသာရပ် ဖြေရမယ်တဲ့။ နောက်ပိုင်း သူ့ ကျောင်း စာအုပ်တွေကို ကြည့်မိတော့ သူပြောတဲ့အတိုင်းပဲ အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအကြောင်းကို သေသေချာချာ သင်ထားတာ တွေ့တယ်။ (ထိုင်းကျောင်းတွေမှာက မူကြိုအရွယ်ကလေးတွေအတွက် ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်တွေကို ကျောင်းမှာသာ ထားလေ့ရှိတယ်။ စာသင်နှစ်တနှစ်ကို ၂ ပိုင်းပိုင်းပြီး ပထမပိုင်း ၅ လကုန်တာနဲ့ စာမေးပွဲစစ်၊ လေ့ကျင့်ထားသမျှ လေ့ကျင့်ခန်းစာအုပ်တွေ ပန်းချီ လှုပ်ရှားမှုတွေ စတဲ့ စာအုပ်တွေကို ကျောင်းသားတဦးချင်းစီကို ပြန်ပေးလေ့ရှိတယ်။) နိုင်ငံတခုချင်းအလိုက် အလံ၊ နှုတ်ဆက်စကား နဲ့ အစိုးရ လွှတ်တော် အဆောက်အအုံ ပုံတွေကို စာတမျက်နှာချင်း အရောင်ခြယ်တာ၊ အရေး၊ အဖတ် လေ့ကျင့်ခိုင်းထားတာတွေနဲ့ သင်ကြားပေးတယ်။ အသက် ၄-၅ နှစ်အရွယ် ကလေးကို မေးကြည့်ရင် ဘယ်နိုင်ငံ ဘာအလံဆိုတာ မှန်အောင် ပြောပြနိုင်တယ်။ ကျမတို့ မြန်မာပြည်က စာသင်ကျောင်းတွေမှာရော လာမည့် ၂ နှစ်မှာ စတော့မယ့် AEC အတွက် ဘယ်လောက် ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။

မှတ်မှတ်ရရ ငယ်ငယ်က ကျောင်းမှာ (လွန်ခဲ့တဲ့ ၁၅ နှစ် ၀န်းကျင်) ပထ၀ီဆိုရင်လည်း မြန်မာပြည်အကြောင်းသာ အများဆုံး သင်ခဲ့ရပီး ကမ္ဘာ့မြေပုံနဲ့ ကမ္ဘာ့အထင်ကရတွေကို မှတ်မိလွယ်တဲ့ နည်းနဲ့ သင်ကြားခဲ့ရခြင်းမျိုး မရှိခဲ့ဘူး။ ပြင်ပ ဗဟုသုတ စာပေတွေကို မဖတ်ရင် အာဆီယံနိုင်ငံအလံနဲ့ ကမ္ဘာ့နိုင်ငံများက အလံတွေကို သိဖို့ ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ကမ္ဘာ့ဘောလုံးသမားတွေအကြောင်း စိတ်ဝင်စားတဲ့ လူငယ်တွေက လွဲရင်ပေါ့။ ဒါတောင် တချို့ မသိကြတာတွေမှ တပုံကြီး။ သင်ထောက်ကူပစ္စည်း ချို့တဲ့တာရယ်၊ သင်ရိုးညွှန်းတမ်း အားနည်းတာရယ်၊ ကြက်တူရွေး စာအံ နည်းနဲ့ သင်ခဲ့ရတာတွေ များပါတယ်။ ခုထိလည်း ဒီလို နည်းစနစ်တွေက ဆယ်စုနှစ်တခု-နှစ်ခုအထိ ဆက်ရှိနေတာပါပဲ။

ဒီနှစ်အစောပိုင်း ရွာကိုပြန်တော့ မောင်လေး ညီမလေး ၀မ်းကွဲတွေ စာဖတ် စာအံနေတာကို ကြည့်ရင်း ပညာရေးစနစ်က အရင့်အရင် နှစ်တွေ အတိုင်းပဲ ဆိုတာ ဆ၀ါးမိတယ်။ စာတပုဒ်ကို အလွတ်ရအောင်သာ ကျက်နေပြီး စာရဲ့ အဓိပ္ဗါယ်ကို ကောင်းကောင်းမသိတဲ့ မောင်လေးကို ဆရာမက ဘယ်လိုရှင်းပြလဲလို့ မေးကြည့်တော့ ကျမငယ်ငယ်ကလိုပါပဲ၊ အပေါ်ယံ အဓိပါယ်တွေကိုပဲ သူက ပြန်ရှင်းပြတယ်။ ဒါ ခေတ်အဆက်ဆက် တပုံစံတည်း ဖြစ်နေတာပေါ့။ ဆရာနေ၀င်းမြင့်ပြောသလို စာကိုသာမက စိတ်ကိုပါ သင်တဲ့ ဆရာ၊ ဆရာမ မျိုးတွေ နည်းပါးလာတာတွေကြောင့် ကျောင်းစာတွေဟာ နှစ်ကုန်လို့ တနှစ်ကူးတာနဲ့အလွယ်တကူ မေ့ပျောက်သွားတတ်ကြတယ်။ ဒီအတွက် သင်ရိုးညွှန်းတမ်းရော သင်ပုံ သင်နည်းတွေရော တကယ်လက်တွေ့ ပြောင်းလဲဖို့ လိုနေတာပါ။

ထိုင်းမှာ အာဆီယံ ၁၀ နိုင်ငံ ဘာသာရပ်အပြင် အင်္ဂလိပ်စာကိုလည်း ကျောင်းတွေမှာ Native Speakers (အင်္ဂလိပ်စကားပြောတဲ့လူ) တွေကိုယ်တိုင်နဲ့ သင်ကြားရမယ်လို့ မူဝါဒ ချမှတ်ထားတာပါ။ တနိုင်ငံလုံး အင်္ဂလိပ်စာအဆင်ပြေပြေ ပြောတတ် ဆိုတတ်ဖို့ ကလေးအရွယ်ထဲက လေ့ကျင့်သင်ကြားပေးတဲ့စနစ်ကို အကောင်အထည်ဖော်နေတာလည်း ၂ နှစ်ကျော်နေပါပီ။ နောက်နှစ် ၂၀၁၄ မှာ အာဆီယံဥက္ကဌ ဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ဦးဆောင်မယ့် မြန်မာတွေအနေအရော ဘယ်လောက်ပြင်ဆင်မှုတွေ ရှိနေပါပီလဲ။ အိမ်နီးချင်းနိုင်ငံ ထိုင်းကို နမူနာယူပြီး ပြင်ဆင်မှုတွေ ခုတည်းက မလုပ်ရင် ၂၀၁၅ မှာ ကိုယ်က နောက်ကောက်ကျကျန်နေရစ်အုံးမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်။။


Thursday, October 31, 2013

အရောင်များနဲ့

အရောင်များနဲ့

ကလေးငယ်အတော်များများရဲ့ စကားလုံးရှည်ရှည်တွေ ပြောတတ်စ အက္ခရာတွေ စကားလုံးအသစ်လေးတွေ မှတ်ယူတဲ့အရွယ် အသက် ၂ နှစ် ၃ နှစ်လောက်ဆို သူတို့ရဲ့ ကိုယ်ပိုင် သကေတ လေးတွေနဲ့ လေ့လာတတ်ကြတယ်။ သားသား ငယ်ငယ် ၂-၃ နှစ်လောက်မှာ သူ့ရဲ့ သင်ယူမှုအမှတ်အသားတွေက အရောင်တွေနဲ့။ အနီ၊ အစိမ်း၊ အ၀ါ၊ အမဲ၊ အဖြူ နဲ့ ပန်းရောင်တွေကို သင်ပေးပီးခါစတုန်းကဆို သူ့လက်ချောင်းလေးတွေကို အရောင်လေးတွေနဲ့ တွဲမှတ်လေ့ရှိတယ်။ လက်မ ဆို အနီ၊ လက်သန်းဆို ပန်းရောင် စသဖြင့်။ ဒါက အနီ၊ ဒါက အ၀ါ၊ ဒါက အမဲ၊ ဒီဟာကတော့ (အ)ပန်းရောင် တဲ့။ အရောင်တွေရှေ့ အ အက္ခရာ တွဲထဲ့ရတော့ ပန်းရောင် ဆိုတာကိုလည်း အပန်းရောင်လို့ မှတ်ထားတယ်။ (ဒါကိုတော့ နောက်မှ တဖြည်းဖြည်း ပြန်ပြင်ပေးရတယ်။)

သူ ၃ နှစ်လောက်မှာ သူ့ခြေသန်းလေးပေါ် နို့ဖိတ်သွားတာကို ပြောလိုက်တာက ... သားရဲ့ ပန်းရောင်ပေါ်ကို အဖြူရောင်တွေ ကျကုန်ပြီတဲ့။ နို့ကို နို့လို မပြော. ခြေသန်းကို ခြေသန်းလို့ မပြောဘဲ။ အဖြူနဲ့ ပန်းရောင်ကို တွဲသုံးသွားတာ။ စက်ရုပ်ကာတွန်းတွေကြည့်ပြီး သူ့အကြိုက် အရောင်ဇာတ်ကောင်တွေနဲ့ အမူအရာတွေကို တထေရာတည်း တုပ လုပ်နိုင်တယ်။ အဖေနဲ့ အမေ မေးသမျှ တုတု လုပ်ပြရတာ အမောပေါ့။ တနှစ်လောက်ကြာတော့ အာရုံစိုက်မှုက ပြောင်းလာတယ်။ အဲဒီကစလို့ သူတို့ရဲ့ ပြောင်းလဲမှုက ကာလအလိုက် စိတ်ဝင်စားမှုအလိုက်ပဲ။ ကလေးငယ်တွေရဲ့ စိတ်ဝင်စားမှုက အချိန်နဲ့အမျှ ပြောင်းလဲနေတာပါပဲ။ သားသားနောက်မှ မွေးလာတဲ့ ကလေးတွေလည်း ပိုပို အတတ်မြန်ကြတယ်။ နည်းပညာခေတ်ကြီးနဲ့အပြိုင် သူတို့ကလည်း နောက်ကျမကျန်တဲ့သူတွေ။ မြို့ကြီးတွေမှာ နေလေလေ၊ ရှေးရှေးက တောရွာမှာ ကြီးပြင်းရတဲ့ ကလေးတွေထက် ပိုအမြင်ကျယ်လေပါပဲ။

ခု ခြောက်နှစ်ကျော်နေပီဖြစ်တဲ့ သားသားက မိန်းကလေး ယောက်ျားလေးတွေကို အရောင်တွေနဲ့ ထပ်ခွဲနေပြန်တယ်။ ပစ္စည်းတခုခု (သို့) အကျီတွေမှာ အရောင်နုဆို မိန်းခလေး။ အမဲရောင်နဲ့ အရောင်ရင့်တွေဆို ယောက်ျားလေးတွေ အတွက်ဆိုပြီး သူ့ဟာသူ ခွဲခြမ်း မှတ်တယ်။ အမေကိုလည်း ဒီအတိုင်းပဲ အရောင်နုတာတွေ ပန်းရောင်လေးတွေ ရွှေရောင်လေးတွေဆိုရင် အကျီဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ် မိန်းခလေးမှ ကိုင်ရမယ်။ သူကတော့ ယောက်ျားလေးမို့ အမဲရောင်နဲ့မှ ရမယ်တဲ့။

မကြာခင်က ဖုန်းအသစ်လေးဝယ်တော့ သူကလည်း ဖုန်းကိုင်ချင်ပါသတဲ့။ သားက ကလေး - ဘာလုပ်ဖို့လဲဆိုတော့ သူဖုန်းဝယ်ပီး ဂိမ်းဆော့ဖို့တဲ့။ စတုန်းက ဖုန်းကို ရွှေရောင်လေး သူကြိုက်တယ်။ ဒါပေမယ့် အနက်လေးက ပိုအပေခံတယ်။ ပိုလှတယ်ဆိုပြီး အနက်လေး ၀ယ်မယ်ဆိုတော့ သူက အမေက အနက်၊ သားက ရွှေရောင်နော်တဲ့။ ရွှေရောင် ဖုန်းကို မ၀ယ်ဖြစ်ဘဲ အနက်လေးပဲဝယ် လိုက်တော့ သူစိတ်ပြောင်းသွားတယ်။ နောက်တလုံး မ၀ယ်ပေးတော့ဘူးဆိုတာ သူသေချာ သိလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖုန်းက လက်ဗွေထဲ့ပြီး နှိပ်မှ ဖွင့်လို့ရတော့ သူ့လက်ဗွေ မဟုတ်ရပါလားဆိုပြီး ငိုလိုက်တာမှ သနားစရာ။ ဒီလိုနဲ့ ၂ ရက်လောက်ကြာတော့ သူ့ဗျူဟာ ပြောင်းလိုက်ပါတယ်။ အနက်ဆိုတာ ယောက်ျားလေးတွေ ကိုင်ရတာ။ အမေက မိန်းကလေးဆိုတော့ ရွှေရောင်သာ ယူပါ။ အခု အနက်က သားဟာပဲ။ အမေ မယူနဲ့တော့တဲ့။ ကဲ.... ကျမမှာ ဟက်ဟက်ပက်ပက် ရီလိုက်ရသလို လှည့်ပတ် စဉ်းစားပြီး သူတို့ လိုချင်တာကို မရရအောင် ပြောတတ်တဲ့ ကလေးတွေရဲ့ အရည်အချင်းကိုလည်း မချီးမွမ်းပဲ မနေနိုင်။ :) :) :)

Sunday, August 18, 2013

အရှုံးရဲ့အစ


ပျင်းရိရွဲမူ
အမေ့ထူ
အာရုံမစူး လေသောခါ။

ကေဇီလင်း


Thursday, August 15, 2013

ကြယ်ကြွေလ

ဒီလ
ကြယ်ကြွေတာ စောင့်ကြည့်တဲ့သတင်း ပလူပျံလို့
သြဂတ်စ်ဟာ 
ကြယ်ကြွေတဲ့လတဲ့။

ကောင်းကင်ထက်က ကြယ်တင် နှုတ်လိုက်လို့ အားမရ 
မြန်မာပြည်သူတွေရဲ့ အသဲနှလုံးထက်က
လင်းလက်ကြယ်တွေကိုလည်း
အဆစ် ဆွဲနှုတ်သွားတယ်။ 


ကေဇီလင်း
သြဂုတ် ၁၅၊ ၂၀၁၃
ဆရာမင်းလူ နှင့် ဆရာမောင်ဝံသ August 2, 2012 .. ဗိုလ်အောင်ကျော်လမ်းက House Of Media & Entertainment မှာ ကျင်းပခဲ့တဲ့ Nay Phone Latt ရဲ့ ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားမှာ အတူတူတွေ့ခဲ့ရတဲ့ ဆရာ #မောင်ဝံသ နဲ့ ဆရာ #မင်းလူ ... (Photographer Thuya Kyaw )


သြဂုတ်လရဲ့ ကြွေလွင့်ကြယ်တွေ----

၁၄ သြဂုတ် ၂၀၀၄ - ထူးအိမ်သင်
၁၅ သြဂုတ် ၂၀၀၄ - မင်းသုဝဏ်
၅ သြဂုတ် ၂၀၀၇ - တာရာမင်းဝေ
၁၄ သြဂုတ် ၂၀၁၁ - နန္ဒသိန်းဇံ
၂ သြဂုတ် ၂၀၁၃ - ပါပါလေး
၁၁ သြဂုတ် ၂၀၁၃ - မောင်ဝံသ
၁၄ သြဂုတ် ၂၀၁၃ - မင်းလူ

credit to: Min Lulin

Tuesday, July 23, 2013

ခေတ် သစ်

ဆယ်ကျော်သက်တုန်းက
စစ်ကျွန်ခေတ် ဘ၀ ဘ၀တွေ နွံနစ်ခဲ့ရ
အရာရာလွဲချော်နေတဲ့ ခေတ်ထဲ

နှစ်ဆယ်ကျော်တော့
တော်လှန်သူတွေ နာမည်ကြီးတဲ့ခေတ်
အစိတ်သားတွေ နေရာရတဲ့ခေတ်
ဖွနိုင်ရင် နာမည်ကြီးတဲ့ ခေတ်
ယုံကြည်မှု တည်ဆောက်နေရတဲ့ ခေတ်
ကလစ်တချက်မှားရင် အရာရာ ပြန်မရနိုင်တော့တဲ့ ခေတ်ထဲ
...
...
...
မဝေးတော့သော သုံးဆယ်ကျော်မယ့် ကာလမှာ
ယုံကြည်မှုတွေ ခိုင်မြဲပြီး ငြိမ်းချမ်းသော ဘ၀များ ပိုင်ဆိုင်မယ့် ခေတ်ဆီသို့ .....


ကေဇီလင်း
ဇူလိုင် ၂၃၊၂၀၁၃

Friday, July 19, 2013

ဇူလိုင် တစ်ဆယ့်ကိုး

မနက် ၁၀း၃၇ မှာ
လူထုတွေကိုယ်စီ
ဥသြဆွဲကြ၊ ဟွန်းတီးကြ၊ ငြိမ်သက်အလေးပြုကြ
ဂုဏ်ပြုကြတာတွေ
မြင်ရ ကြားရတာ ပီတိဖြစ်ရပါဘိ။

ဥသြသံမဆွဲချင်တဲ့ အစိုးရက
ဘယ်လိုဆင်ခြေပေးပေး။
ပြည်သူက ဂုဏ်ပြုထိုက်သူတွေကို
ဘယ်တော့မှ မမေ့။

လူစည်ကားတဲ့ အာဇာနည်ကုန်းမှာ
တကူးတကလာလေ့လာကြတဲ့ ဗိုလ်ချုပ်ပြတိုက်မှာ
ကြည်နူးစရာတွေပါ။
လူကိုယ်တိုင် မရောက်နိုင်သေးတဲ့ နယ်ခြားကနေ
ကျမလည်း တနေ့တော့
ရောက်ရပါမည်။
စိတ်ရည်မှန်ရင်း မုဒိတာပွားနေမိ။

စစ်အာဏာရှင်စနစ်ဆိုးကြောင့်
ကျမတသက် ဒီလို
ညီညာဖျဖျ ဂုဏ်ပြုခြင်းမျိုး
မျက်ဝါးထင်ထင် မကြုံခဲ့ဖူး။
၂၅ နှစ်နီးပါး တိမ်မြုပ်ခဲ့ရတဲ့ ဒီဓလေ့။

မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုးတဲ့။
တကယ်လည်း စိတ်ထဲမှာ
ညှိုးရတဲ့ နေ့တနေ့ပေါ့။

(၆၆ အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်အလေးပြုပါသည်။)

Thursday, July 11, 2013

မိုးည

မိုးည

မဟူရာ ကောင်းကင်အမိုးအောက်
ဖန်မီးရောင် အဖြူ အစိမ်း 
ခရမ်း အနီ ၀ါကျင်ကျင် အနက် စုံ 
မတုန်မလှုပ် ငြိမ်နေတယ်။

ညနဲ့ထပ်တူ 
အုံ့မှိုင်းမှိုင်း တိမ်မဟူရာ နဲ့အပြိုင် 
ဖားလေးတွေ ပုရစ်လေးတွေ 
စကားလက်ဆုံကျနေကြတယ်။ 

ဒီည မိုးလာမယ်လို့များ ပြောနေသလား။ 
မနားစတမ်းကွယ်။

မိုးမှာပျော်တဲ့
အကောင်စုံလေးတွေ အသံကြားတော့ 
ရွာကို လွမ်းတယ်။ 


ကေဇီလင်း
ဇူလိုင် ၁၁၊ ၂၀၁၃ 

မယား ၃ ယောက်ရှိသူ

မယား ၃ ယောက်ရှိသူ

June 19, 2013 at 3:37pm
တရက် တက္ကစီစီးတော့ ဈေးအမှန်ဆုံး တောင်းတဲ့ ကားသမားလူကြီးတဦးနဲ့ဆုံတယ်။ သူက ကျမ အရင်စီးနေကျကားတွေထက် ငါးရာကျပ်လျော့တောင်းတယ်။ ဆိုတော့ ကျမစိတ်ထဲ တန်လိုက်တာပေါ့လေ။ (တကယ်က ကိုယ်က အရင်က အမြဲ ပိုတောင်းခံနေခဲ့ရတာ)။

ဆူးလေကနေ အိမ်ပြန်လမ်းတလျှောက် နာရီဝက်ကျော်ကြာခရီးမှာ သူ့ဝင်ငွေ အကြောင်း အလုပ်အကြောင်းကို ပြောပြလာခဲ့တယ်။ သူပြောပြတဲ့ စကားတွေထဲက မှတ်မှတ်ရရ တခုက တက္ကစီမောင်းသမားတယောက်မှာ မိန်းမ ၃ ယောက်ရှိသတဲ့။ စကြားတော့ လန့်သွားတယ်။ များလှချည်လားပေါ့။ ဒါနဲ့ သူ ဆက်ပြောပြတာကိုပဲ နားထောင်နေလိုက်တယ်။

မယားကြီးကတော့ အိမ်မှာနေတဲ့တယောက်ပေါ့တဲ့။ ကားအုံနာက မယားငယ်၊ ဓါတ်ဆီက မယားလတ်တဲ့။ ကားမောင်းသမား အကြောက်ရဆုံးတယောက်က မယားငယ် - သူ့ကိုကျ ပိုက်ဆံတပြားတချပ်မှ မလျော့အောင် အပ်ရတယ်။ သတ်မှတ်သလောက်ပေးရတယ်။ မယားလတ် - ဓါတ်ဆီ - ကျတော့လည်း လုံလောက်အောင် ထဲ့ပေးရတယ်။ ကျန်သလောက် ပိုက်ဆံကတော့ အိမ်က မယားကြီးအတွက်တော့။ အကြီးဆိုတော့ ပါသလောက် ယူ။ အထွန့်တက်လို့မရတဲ့သူတွေပေါ့တဲ့။

သူ့နမူနာကလည်း ဟုတ်သား။။ အဲ့ဒါကြားပြီးတော့ အတွေးတခု-၂ ခု ၀င်လာတယ်။ မိသားစုတွေမှာ အိမ်ရှင်မတွေအတွက် ကိုယ့်ယောက်ျားဆီက လုပ်ခ ၀င်ငွေက အိမ်ထောင်တခုအတွက် မလောက်င ကြတာတွေ တပုံကြီးရှိတယ်။ အဲ့ယောက်ျားတွေမှာလည်း မယားလေးတွေ ဘယ်နှယောက်လောက်တောင် ရှိလိမ့်မလဲ။ ။။။

နောက် မြန်မာ့လူ့အသိုင်းအ၀ိုင်းမှာ မြန်မာအမျိုးသမီးတွေက ကောင်းတဲ့နေရာဖြစ်ဖြစ် ဆိုးတဲ့နေရာဖြစ်ဖြစ် အမြဲပဲ နမူနာအဖြစ် ပြခံကြရတယ်။ အဲလို ပြောမှ ပိုမြင်တတ်ကြလို့လာ။ အမျိုးသမီးဆို သြဇာညောင်းသူ၊ ငွေမက်သူ၊ ကြောက်ရသူအဖြစ် တင်စားကြသလို ပြောသလို လုပ်၊ ပေးသမျှယူ ပြောသမျှယုံတဲ့ သူတွေလို့လည်း နှိမ့်ချ မြင်တဲ့ အမြင်က ခုထိ မပျောက်သေးပါလားလို့။ ။။

(ကျမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးဖူးတဲ့ notes အား ပြန်ရှဲခြင်းသာ)

Wednesday, April 17, 2013

သင်္ကြန်ရယ် ပိတောက်ရယ်...

ဘန်ကောက်မှာ
ပိတောက်ဝေဆာ
လွမ်းရ ပြည်မြန်မာ။ 

ဧပြီ ၁၄၊ ၂၀၁၃
 

Thursday, March 28, 2013

ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ

ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ
Tuesday, March 26, 2013


မကြာသေးခင်က မဲဆောက်မြို့မှ မြဝတီမြို့ဘက်သို့ ကူးရန် ထိုင်းမြန်မာနယ်စပ်ဂိတ်တံခါး ဖွင့်ချိန် နံနက် ၆ နာရီ အရောက်သွားခဲ့သည်။

ဂိတ်ဖွင့်ချိန်ဖြစ်သောကြောင့် တဘက်ကမ်းကို အစောဆုံး ရောက်နိုင်သည်ဟု ယူဆခဲ့သော်လည်း ဂိတ်တွင် ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားတို့က ရာနှင့်ချီ ရောက်နေသဖြင့် အံ့သြမိ၏။

ပျားပန်းခတ်သလို စည်ကားသည့် နယ်စပ်ဂိတ်ရှေ့ လူအများတန်းစီရာမှာ ဝင်စီလိုက်သည် ဆိုလျှင်ပဲ ဝန်ဆောင်မှုပေးဖို့ တတွတ်တွတ်ဖိတ်ခေါ်နေသည့် ပွဲစားများက အနားရောက်လာသည်။

ပွဲစားတို့ထုံးစံအတိုင်း အပြောချို၏။ ထိုသူတို့သည် လူတယောက် စောင့်ဆိုင်းရချိန်ကို ချုံ့ပစ်နိုင်စွမ်းရှိသူများ ဖြစ်၏။
မိမိရှေ့ မနက် ၃ နာရီ၊ ၄ နာရီကတည်းက ဂိတ်ပေါက်ရှေ့လာရောက်တန်းစီနေသော သူများထက် ဆောလျင်စွာ နယ်စပ်ဖြတ်လိုသူများအတွက် ကြားပွဲစားများကား အုံဖွ မန်းပေးတတ်သူများ ဖြစ်နေပြန်၏။


နယ်စပ်မှ တဆင့် ယာယီနိုင်ငံကူးလက်မှတ် (ခေါ်) အလုပ်သမားပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာပြည်သားတို့ အိမ်အပြန်မှာ လွယ်လင့်တကူတော့ မဟုတ်ပါလေ။
Re-entry visa ခေါ် ထိုင်းသို့ တရားဝင် ပြန်ဝင်ခွင့် ဗီဇာ တောင်းခံပြီး အိမ်ပြန်နိုင်သည်။
နောက် ထိုင်းသို့ပြန်လာပါကလည်း မိမိရှိပြီးသား ဗီဇာသက်တမ်းအတိုင်း နေလို့ရသည်၊ ခဏခဏ ဗီဇာလျှောက်စရာ မလို။ ရဲဖမ်းလို့ မရ။
ထို ပြန်လည်ဝင်ရောက်ခွင့် ဗီဇာအတွက် ထိုင်းလဝကကိုပေးရသည့် ငွေကြေးက တခေါက်ကို ဘတ် တထောင်။ (တချို့လည်း တရားဝင်တုံးထုကာ တံတားမှ ပြန်ကြသည်။ တချို့ကတော့ ရှုပ်သည်ဆိုတာ လှေဖြင့် အလွယ်ကူးပြန်ကြသည်။)

နယ်စပ် ပွဲစား

ဘန်ကောက်ပြန် မြန်မာများကတော့ တထောင်ပေးပြီး တံတားက ဖြတ်ကြသည်။ သို့သော် ထို တထောင်တန် ဗီဇာအတွက် စာရွက်စာတမ်းကိစ္စက တနေ့တာကုန်ချင်လည်း ကုန်သွားနိုင်သည်။
ထိုအတွက် ပွဲစားကို အပ်ကြရသည်။ ပွဲစားခ သုံးလေးရာ ပိုပေးလိုက်ကြသည်။ သွားလိုရာ အမြန်ရောက်ဖို့ အရေးကြီးသည်ဟု စိတ်ထဲ ထားကြသည်။
တခါမှ မသွားဖူး မလာဖူးသူများ၊ ရုံးကန္နားကြောက်သူ စကားနားမလည်သူ၊ လိုရာအမြန်ရောက်လိုသူ စသဖြင့် လူအထွေထွေမှာ ပွဲစားကို အသုံးပြုကြသည်။

မငှားခင်က ပွဲစားအပြောချိုသလောက် အလုပ်တခု အပ်လိုက်လျှင် ထိုပွဲစားမှာ အချိုးပြောင်းတတ်သည်။
ဂိတ်မှာ တုံးထုဖို့ ခဏချင်း ရမည်ဟု ဆိုလျှင် ယုံကြည်ဖို့ ခက်ပါသည်။
ယုံပြီး ပိုက်ဆံပေးခိုင်းလိုက်လျှင် အနည်းနှင့်အများတော့ စောင့်ရမည်ကို ကြိုတင်သတိချပ်သင့်သည်။ အလိမ်ခံရဖို့ များ၏။

နယ်စပ် ရဲကြေး

ယခင်က ထိုင်းရောက်မြန်မာပြည်သားများမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိကြခြင်းကြောင့် မကြာခဏ ထိုင်းရဲဖမ်းဆီးခြင်း ခံကြရသည်။
အမိနိုင်ငံသို့ အချုပ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံကြရသည်။

ယခု နိုင်ငံသားစိစစ်ပြီးနောက်တွင် ၆ နှစ်သက်တမ်းရှိသည့် အလုပ်သမား ပတ်စပို့များ ထုတ်ပေးလိုက်သောအခါ ရွှေ့ပြောင်းလုပ်သား မြန်မာပြည်သားအများစုမှာ ယာယီပတ်စပို့ ကိုယ်စီနှင့် ဖြစ်လာကြသည်။

ထိုပတ်စပို့ကလည်း ကြေးကြီး၏။ တော်ရုံ မလုပ်နိုင်။
သတ်မှတ်ငွေကြေးထက် နှစ်ဆ သုံးဆ ပိုပေးပြီး ပွဲစားများမှတဆင့် လုပ်ဆောင်မှသာ လွယ်ကူ၏။
သို့သော် အလုပ်သမားပတ်စပို့ လုပ်ပြီးပါကလည်း အလုပ်လုပ်ခွင့်ကတ်(ထိုင်းအခေါ် - ဘတ်) မရှိပါက ရဲဖမ်းပိုင်ခွင့်ရှိသည်။
အများအပြားက ဒါကို သိပ်နားမလည်ကြ။
ယာယီပတ်စပို့သာ လုပ်ပီး အလုပ်လုပ်ခွင့် မလျှောက်ဘဲ နေကြ၏။ တကယ်တမ်း ပြန်သောအခါ ရဲက စစ်လျှင် ဒဏ်ကြေးဆောင်ရ၏။

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနက် ၅ နာရီကျော် နယ်စပ်ဂိတ်ကို လာစဉ် မဲဆောက်လေယာဉ်ကွင်းရှေ့တွင် ထိုင်းရဲများက လိုင်းကားများကို စစ်ဆေးနေသည်။
ထိုင်းရဲများ အလုပ်လုပ်လှချည်လားဟု စိတ်က မှတ်ချက်ပြုခဲ့လိုက်သေးသည်။
သူတို့ စစ်ဆေးသည့် ထိုလိုင်းကားများပေါ်တွင် အိမ်ပြန်မည့် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည်။

မကြာခင် တန်းစီနေရာရောက်တော့ ကိုယ့်ရှေ့က ရောက်နှင့်နေသူတွေနဲ့ စကားစပ်မိသည်။ တချို့က မနက် ၄ နာရီကတည်းက အိမ်ကထွက်လာပီး ဂိတ်ရှေ့ လာတန်းစီနေကြသူများဖြစ်သည်။

အနီးအနားက လူငယ်အုပ်စုတစုကတော့ ခုနက မြင်ခဲ့သည့် ထိုင်းရဲများ စစ်ဆေးမှုကို ခံယူပြီးသူများ ဖြစ်လို့နေသည်။
ယာယီပတ်စပို့သာရှိပြီး ဘတ်မရှိပါက (အလုပ်လုပ်ခွင့်ကတ် မရှိပါက) ထိုင်းဘတ်ငွေ တထောင် ပေးဆောင်ခဲ့ရကြောင်း၊
သူတို့ ကားပေါ်တွင် လူ ၃ – ၄ ယောက်လောက် ထိုသို့ ပေးခဲ့ရကြောင်း အချင်းချင်း စကား ဖလှယ်နေကြခြင်း ဖြစ်သည်။

အလုပ်လုပ်လွန်းသော ထိုရဲများ ဒဏ်ကြေးငွေ အတော်ရမည့်ပုံဖြစ်သည်။
အထောက်အထား မပြည့်စုံသော၊ စာရွက်စာတမ်းကိစ္စ နားမလည်သော မြန်မာပြည်သားအများအပြားက ဒဏ်ရိုက်ခံရမည်ကို ကြိုမသိ၊ ဒဏ်ငွေပေးသည့်အခါ ဖြတ်ပိုင်းတောင်းရကောင်းမှန်းလည်း သိချင်မှ သိကြမည်။

မိအေး အကြိမ်ကြိမ်နာ

ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နှင့်ချီ နေ့စဉ် ဝင်ထွက်နေသော၊ နေရောင်မလာခင်ပင် နယ်စပ်မှာ လေးငါးရာကျော် ရောက်နှင့်နေသော နယ်စပ်ဂိတ်မှာ လူလှိုင်းလုံးကြီးနှင့် တူနေသည်။
အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားများထံမှ ဝန်ဆောင်မှုကြေးငွေဖြင့် ရှာဖွေနေသော ပွဲစားကြီး၊ ပွဲစားလတ်၊ ပွဲစားသေးများ၊ လုပ်ငန်းရှင်များက လူလှိုင်းလုံးကြီးစီးပြီး ဝင်ငွေကောင်း၊ ဂွင်မိထားကြ၏၊

ထိုလူလှိုင်းမှာ မိအေး ၂ ခါထက်မနည်း ခံရသူများမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသော တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာပြည်သားများပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလူလှိုင်းကြီးက ကာလအတန်ကြာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။

ကေဇီလင်း ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_4491.html#sthash.JmFKtS5o.dpuf